Connect with us

Social

မြန်မာနိုင်ငံသို့ အားကစားပစ္စည်း နှင့် အားကစားနည်းပညာ ကူညီ ထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

အားကစားပစ္စည်း ကူညီထောက်ပံ့သည့်စီမံကိန်း နှင့် အားကစားနည်းပညာ ကူညီ ထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အားကစားပစ္စည်း နှင့် အားကစားနည်းပညာကူညီထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီပွားရေးသံမှူး ထန်းဆူဖု ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး စီပွားရေးသံမှူး ထန်းဆူဖုက တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေချင်းထိစပ်နေပြီးဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သမိုင်းကြောင်း ရှည်လျားကြောင်း ၊ ယခုနှစ်နှစ်ဆန်းပိုင်း အချိန်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ သမိုင်းတွင်စေမည့် ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် လာရောက်ခဲ့ပြီး ရပ်ဝန်း နှင့် ပိုးလမ်းမ နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရေးတို့ကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေး အတွက် အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေး
ခေတ်ကာလသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် အားကစား ကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကိုလွန်စွာ အလေးထားကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကပ်ရောဂါကြောင့် ဖြစ်ပွားသည့် အခက်အခဲကို ရင်ဆိုင်ဖြေရှင်းပြီး မြန်မာနိုင်ငံသို့ အားကစားပစ္စည်း
ကူညီထောက်ပံ့သည့် စီမံကိန်း နှင့် အားကစားနည်းပညာ ကူညီထောက်ပံ့ရေး စီမံကိန်းတို့ကို တတ်ကြွစွာ တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အားကစားကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းအောင် ရှေ့ဆက် ဆောင်ရွက်ပြီးတရုတ်-မြန်မာ အေးအတူ ပူအမျှ လက်တွေ့အကောင်အထည်ဖော်မှုကို တည်ဆောက်သွားမည်
ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အားကစားပစ္စည်း ကူညီထောက်ပံ့သည့်စီမံကိန်း နှင့် အားကစားနည်းပညာ ကူညီ ထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ
လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ – Chinese Embassy in Myanmar)

အားကစားပစ္စည်း ကူညီထောက်ပံ့သည့်စီမံကိန်း နှင့်အားကစားနည်းပညာ ကူညီ ထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ
လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ – Chinese Embassy in Myanmar)

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုးက လတ်တလော နှစ်ပိုင်းအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ အားကစား သမားများကို တရုတ်နိုင်ငံသို့ လာရောက်လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ၊ ထို့အပြင် တရုတ်နိုင်ငံမှ နည်းပြများကိုလည်း မြန်မာနိုင်ငံသို့ စေလွှတ်၍ သင်တန်းပို့ချပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့်မြန်မာနိုင်ငံက ၂၇ ကြိမ် ၊ ၂၈ ကြိမ် ၊ ၂၉ ကြိမ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ထူးချွန်သည့် ရလဒ်များ ရရှိစေခဲ့ကြောင်း ၊ ယခုအကြိမ် လွှဲပြောင်းပေးအပ်ပေးသည့် အားကစားနည်းပညာ နှင့် ပစ္စည်းများတွင် နဂါးလှေ ၊ ရွက်လှေ နှင့် အခြားအားကစား လေ့ကျင့်ရေး ပစ္စည်းကိရိယာ များစွာ ပါဝင်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ပစ္စည်းကိရိယာများအား လျှင်မြန်စွာ ဝယ်ယူ၍ ထုတ်လုပ်မှုများ ပြုလုပ်ကာ သတ်မှတ်ချိန်အတွင်း ထောက်ပံ့ရေး ပစ္စည်းများအား ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံ အနေဖြင့်နက်ရှိုင်းစွာ ကျေးဇူးတင်ကြောင်း ၊ ထို့ပြင် လက်ရှိဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အမျိုးသားအားကစားရုံ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ကူညီထောက်ပံ့မှုသည်လည်း မြန်မာနိုင်ငံ အားကစားအဆောက်အအုံ၏ အဆင့်အတန်းကို ပိုမို မြှင့်တင်ပေးနိုင်မည် ဖြစ်ကာ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် အတူတကွ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့် အခြေခံပေါ်တွင် နှစ်နိုင်ငံ အားကစားကဏ္ဍ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်၍ ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)