Africa & Middle East
အမေရိကန်-တာလီဘန် ၈ ကြိမ်မြောက်ဆွေးနွေးပွဲကို ဒိုဟာမြို့၌ ကျင်းပ

ဒိုဟာ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်တာလီဘန် အုပ်စုတို့အကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့၌ သြဂုတ် ၄ ရက်တွင် ကျင်းပခဲ့ပြီး ၁၈ နှစ်ကြာ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် မျှော်လင့်ကြောင်း ကာတာနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံတမန် Zalmay Khalilzad နှင့် တာလီဘန်အဖွဲ့ပူးတွဲထူထောင်သူတစ်ဦးဖြစ်သည့် Mullah Baradar တို့အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း တာလီလန်သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ယင်းနေ့မတိုင်မီတစ်ရက်အလိုက ဒိုဟာမြို့၌ ရုံးခန်းဖွင့်လှစ်ထားသည့် တာလီဘန်အဖွဲ့၏ နိုင်ငံရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ Suhail Shaheen က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် သဘောတူညီချက်စကားလုံး၏ အဓိပ္ပါယ်မှာ သတ်မှတ်အချိန်ကာလတစ်ခုအတွင်း ပြည်ပစစ်တပ်အားလုံး အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားရန်ပင်ဖြစ်ကြောင်း ရေးသားခဲ့သည်။
အမေရိကန်နိုင်ငံသည် ၂ဝဝ၁ ခုနှစ်တွင်အာဖဂန်နစ္စတန်နိုင်ငံသို့ကျူးကျော်ဝင်ရောက်ကာ တာလီဘန်အစိုးရအား ဖြုတ်ချခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သည် အာဖဂန်နိုင်ငံအား အကြမ်းဖက်သမားများ ခိုလှုံရာနေရာတစ်ခုမဖြစ်စေရန် အာမခံချက်ရရှိရေး လိုလားနေပြီး တာလီဘန်ဖက်ကမူ အာဖဂန်နိုင်ငံမှ ပြည်ပတပ်ဖွဲ့ဝင်များအားလုံး ထွက်ခွာသွားရန် အစဉ်တစ်စိုက် တောင်းဆိုခဲ့ကြောင်း သိရသည်။(Xinhua)