Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ၌ စစ်ကောင်စီနှင့် အတိုက်အခံတို့အကြား သဘောတူညီမှုရရှိ

ဆူဒန်စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ မိုဟာမက် ဟမ်ဒန်ဒက်လူ က အတိုက်အခံအဖွဲ့နှင့်ရရှိခဲ့ သော နိုင်ငံရေးဆိုင်ရာကြေညာချက်အပေါ် ၂၀၁၉ ခုနှစ်၊ဇူလိုင်လ ၁၇ ရက် က ခါတွန်မြို့တွင် လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ-အင်တာနက်)

ခါတွန်၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင ်အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ အတွက် ကာလသစ်တစ်ခုကို ဦးတည်ကာ ဆူဒန်အာဏာရစစ်ကောင်စီ(TMC)နှင့် အတိုက်အခံလွတ်လပ်မှု နှင့် ပြောင်းလဲမှုအဖွဲ့ချုပ်(Freedom and Change Alliance) တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက်အပေါ် သဘောတူ ညီမှု အပြည့်အဝရရှိခဲ့ကြကြောင်း သြဂုတ်လ ၃ ရက်က အာဖရိကသမဂ္ဂ၏ ဆူဒန်နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်ဖြစ်သူမိုဟာမက်ဟာကင်လီဘတ်(Mohamed Hacen Lebatt) ကပြောကြားခဲ့ကြောင်း သိရသည်။

ခါတွန်မြို့တွင်သတင်းစာရှင်းလင်းပွဲတစ်ခုကိုတက်ရောက်ခဲ့သော ဟာကင်လီဘတ် က “ဆူဒန်နိုင်ငံမှာ အဖွဲ့နှစ်ဖွဲ့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစာချုပ်နဲ့ပတ်သက်လို့ အခုလိုအပြည့်အဝသဘောတူ ညီမှုရခဲ့ကြတာကို ကြေညာရလို့ အလွန်ဝမ်းမြောက်ပီတိဖြစ်ရပါတယ် “ ဟုပြောကြားခဲ့သည်။

၎င်းကဆက်လက်၍ နှစ်ဖွဲ့စလုံးအနေနှင့်ဆူဒန်ပြည်သူတို့ရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုးမှု အခမ်းအနားပြုကြရန်အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာအစီအစဉ်များပြုလုပ်ကြရန် သြဂုတ်လ ၃ ရက် ညနေပိုင်းတွင် လုပ်ထုံးလုပ်နည်းဆိုင်ရာအစည်းအဝေးများကို အပြီးသတ်ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကြေညာချက်ကအသွင်ကူးပြောင်းမှုကာလအတွင်းအချုပ်အခြာအာဏာ ပိုင်ကောင်စီ၊ဝန်ကြီး ချုပ်နှင့် ဥပဒေပြုကောင်စီ တို့၏အခွင့်အာဏာများကို သတ်မှတ်ပေးမည်ဖြစ်သည်။ ၎င်းက လုံခြုံရေးနှင့်စစ်ဘက်ဆိုင်ရာအဖွဲ့များဆက်သွယ်မှုနှင့်ရွေးကောက်ပွဲကော်မရှင်၊ နယ်စပ်နှင့်ငြိမ်း ချမ်းရေးကော်မရှင်တို့ဆက်သွယ်မှုများကိုပါ သတ်မှတ်သွားမည်လည်းဖြစ်သည်။

ဇူလိုင်လ ၁၇ ရက်တွင် ဆူဒန်အာဏာရစစ်ကောင်စီနှင့် အတိုက်အခံမဟာမိတ်အဖွဲ့ချုပ်တို့က အသွင် ကူးပြောင်းရေးကာလ၏ နိုင်ငံရေးဖွဲ့စည်းတည်ဆောက်ပုံများကို သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။ ထိုသဘောတူချက်အရ အရပ်သားငါးဦး၊စစ်ဖက်ကိုယ်စားလှယ်ငါးဦးနှင့်အပြန်အလှန်အကြံပြုဆွေးနွေး မှုှုများအပေါ်မူတည်ကာ ရွေးချယ်မည့်အရပ်သားတစ်ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးပါဝင်သည့် ပူးတွဲ အချုပ်အခြာအာဏာပိုင်ကောင်စီ ကိုလည်းဖွဲ့စည်းသွားမည်ဖြစ်သည်။(Xinhua)