Connect with us

Africa & Middle East

အာဖဂန်နစ္စတန် တောင်ပိုင်း ဘတ်စ်ကားနှင့် ကုန်တင်ကား တိုက်မိမှုတွင် လူ ၃၄ ဦး သေဆုံး

ကားတိုက်မှုတွင် ပျက်စီးသွားသည့် ဘတ်စ်ကားအား ကရိန်းဖြင့် မတင်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကာလတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabul ပြည်နယ်ရှိ အဓိက လမ်းမကြီးပေါ်၌ စက်တင်ဘာလ ၄ ရက်က ခရီးသည်တင် ဘတ်စ်ကားနှင့် ကုန်တင်ကား တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mirwais Noorzai က ပြောသည်။

အဆိုပါ မတော်တဆမှုသည် ဂျယ်လ်ဒက် နယ်မြေရှိ ကဘူးလ်-ကန်ဒါဟာ အဝေးပြေးလမ်းမကြီး တလျှောက်၌ ဒေသစံတော်ချိန် နံနက် ၅း၀၀ နာရီအချိန်၌ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း မတော်တဆမှုကြောင့် မော်တော်ယာဉ်များ မီးလောင်ကျွမ်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီး Mirwais Noorzai က ဆင်ဟွာသို့ ပြောသည်။

လောင်ကျွမ်းဒဏ်ရာနှင့် ကျိုးပဲ့ဒဏ်ရာများ ရရှိခဲ့သူများအား ကာလတ်မြို့ ပြည်နယ် ဆေးရုံများသို့
ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူများတွင် အများအပြားမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည့်အတွက် သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်ဖွယ် ရှိကြောင်းနှင့် ၎င်းတို့တွင် ကလေးနှင့် အမျိုးသမီးများစွာ ပါဝင်ကြောင်း အဆိုပါ သတင်းရင်းမြစ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ယင်း ဘတ်စ်ကားသည် ကန်ဒါဟာမှ ကဘူးလ်သို့ သွားရောက်နေခြင်း ဖြစ်ပြီး လူပေါင်း ၆၀ ဝန်းကျင် တင်ဆောင်လာသည့်အတွက် ခံနိုင်ဝန်ထက် အဆမတန် များပြားနေခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

မဆင်မခြင် မောင်းနှင်ခြင်းကြောင့် ယခုလို ကြီးမားသည့် လူသေဆုံးမှု ဖြစ်ပွားရခြင်း ဖြစ်ပြီး မတော်တဆမှုအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောသည်။

ယခုနှစ် မေလ အစောပိုင်းကလည်း ဤလမ်းမကြီးမှာပင် ယာဉ် သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၃ ဦး သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.