Africa & Middle East
ကင်မရွန်းနိုင်ငံ တွင် ရိုးရာအရက်သောက်သုံးရာမှ လူ ၂၀ဦးအသက်သေဆုံး

ကင်မရွန်း၊ နိုဝင်ဘာ ၁၆ရက် (ဆင်ဟွာ)
ကင်မရွန်းနိုင်ငံ အရှေ့ပိုင်းဒေသတွင် လွန်ခဲ့သည့် အပတ်က Odontol အမည်ရှိ ရိုးရာအရက် သောက်သုံးပြီးနောက် လူ ၂၀ဦးသေဆုံးခဲ့ပြီး အခြား ၁၀ဦးမှာ အခြေအနေ စိုးရိမ်ရကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်တွင်း သတင်းစာ Cameroon Tribune က နိုဝင်ဘာ ၁၅ရက်တွင် ဖော်ပြခဲ့သည်။
အရှေ့ပိုင်းဒေသ အုပ်ချုပ်ရေးမှူး Gregoire Mvongo က သေဆုံးသူနှင့် ဆေးရုံသို့တက်ရောက်ခဲ့ရသူများသည် ဒေသအတွင်းရှိ ရွာ၇ရွာမှ ဖြစ်ကြပြီး ရိုးရာအရက်အားသောက်သုံးခဲ့သည့် အဆိုပါ နေရာများမှ အခြားသူများအား ဆေးကုသမှုပေးနိုင်ရန် ဆေးအဖွဲ့များစေလွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်ကို သတင်း၌ဖော်ပြခဲ့သည်။
အဆိုပါ ရိုးရာအရက်အား ရွာမင်္ဂလာဆောင် နှင့် အခြား ပွဲတော်ရက်များတွင် သောက်သုံးလေ့ရှိကြောင်း သိရသည်။ သတင်းစာ၏ဖော်ပြချက်အရ လွန်ခဲ့သည့် အပတ်က ယင်းအရက်သောက်သုံးခဲ့သူများသည် နာရီပေါင်းများစွာ သတိလစ်နေခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက အဆိုပါ ဖြစ်စဉ် အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)