Africa & Middle East
ကဘူးလ်မြို့ ဗလီ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၃ အထိ ရှိလာ
ကဘူးလ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီကျောင်း တစ်ခုတွင် သြဂုတ်လ ၂၅ ရက်က တိုက်ခိုက်ခံခဲ့ရကာ သေဆုံးသူ ၁၃ ဦး ရှိခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ် ဒန်းနစ်ရှ်က ပြောသည်။
တိုက်ခိုက်မှုအတွင်း သေဆုံးသူများအနက် ၁၀ ဦးမှာ ဘုရားဝတ်ပြုနေသူများဖြစ်ပြီး ကျန် ၃ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ အရပ်သား ၃၀ ဦးနှင့် ရဲတပ်ဖွဲ့ ၈ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဒန်းနစ်ရှ်က ပြောသည်။
ကဘူးလ်မြို့ မြောက်ပိုင်းတွင် သြဂုတ်လ ၂၅ ရက် နေ့လယ်ဝန်းကျင်က ရှီးအိုက် ဗလီ တစ်ခုတွင် ဘုရာဝတ်ပြုနေကြစဉ်တွင် အသေခံ ဗုံးခွဲသူ နှစ်ဦးက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒန်းနစ်ရှ်၏ အဆိုအရ ရဲတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးအတွင်း ဝတ်ပြုသူ ၁၀၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား တန်ပြန် တိုက်ခိုက်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများမှာ သြဂုတ်လ ၂၅ ရက် ညပိုင်းတွင် အပြီးသတ်နိုင်ခဲ့သည်။
ယင်း တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် (IS) အကြမ်းဖက်အဖွဲ့က ကြေညာခဲ့သည်။ (Xinhua)