Connect with us

Africa & Middle East

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ဆူဒန်နိုင်ငံ ဝန်ကြီးချုပ်တို့တွေ့ဆုံကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေး

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ (ဝဲ) နှင့် ဆူဒန်နိုင်ငံ ပထမ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ် Bakri Hassan Saleh (ယာ) တို့အား သြဂုတ် ၂၅ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ခါတုမ်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ သည် ဆူဒန်နိုင်ငံ ပထမ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ် Bakri Hassan Saleh နှင့် သြဂုတ် ၂၅ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်ဘက်စလုံးက နယ်ပယ်အသီးသီး ၌ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ကျန်းက ဆူဒန်နိုင်ငံ နှင့် သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ဆယ်စုနှစ် ၅ခုကျော်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ နှင့် ဆူဒန်နိုင်ငံ တို့သည် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အမြဲတမ်းကူညီပေးနေသော သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ပြီးမြောက်အောင် နှစ်ဘက်စလုံးကလုပ်ဆောင်သင့်ကြောင်း၊ တရုတ်-ဆူဒန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးတက်အောင် ဆောင်ရွက်သင့်ပြီး နိုင်ငံ့အကျိုးစီးပွား နှင့် အဓိကကျသော အရေးကိစ္စများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကျန်းက ထောက်ပြပြောဆိုခဲ့သည်။

ဆူဒန်ဝန်ကြီးချုပ် Saleh က ၂၀၁၅ခုနှစ်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-ဆူဒန် နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအထိ အမြင့်ဆုံးတိုးတက်အောင် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

၎င်း က တရုတ်နိုင်ငံ၏ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ပါကြောင်း နှင့် ဆူဒန်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် နယ်မြေပိုင်ဆိုင်မှုကို အမြဲတမ်းထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံ အကြီးအကဲနှစ်ဦး ၏ ရှေ့မှောက်တွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ပူးတွဲ ဆောင်ရွက်ချက် အပါအဝင် အခြားသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် သည် သြဂုတ် ၂၁ ရက်မှ ၂၉ ရက်အထိ လေးနိုင်ငံ ခရီးစဉ်အဖြစ် ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ဆူဒန် နှင့် နမီးဘီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယခု ဆူဒန်ခရီးစဉ် သည် ၃နိုင်ငံမြောက် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)