Connect with us

Africa & Middle East

ဂါနာတွင် ရွှေတွင်းဥမင်လှိုဏ်ခေါင်း အမိုး ပြိုကျမှုကြောင့် လူ ၆ဦးသေဆုံး

ဂါနာနိုင်ငံရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အက်ရာ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ဂါနာနိုင်ငံ ရှိ Newmont ကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ကွက်များအနက် တစ်ခု တွင် ဧပြီ ၇ရက်က ရွှေတွင်းဥမင်လှိုဏ်ခေါင်း အမိုး ပြိုကျမှုကြောင့် လူ ၆ဦးသေဆုံးခဲ့ကြောင်း ကုမ္ပဏီက ဧပြီ၈ ရက်တွင် ပြည်တွင်းသတင်းဌာနများအား အတည်ပြုပြောကြားခဲ့သည်။

အက်ရာမြို့ အနောက်မြောက်ဘက် ၃၀၇ကီလိုမီတာ အကွာခန့် တွင် တည်ရှိသော ယင်းသတ္တုတူးဖော်ရေးကုမ္ပဏီ၏ Ahafo Mill Expansion စီမံကိန်း ရှိ ရွှေတွင်း ဥမင်လှိုဏ်ခေါင်း အမိုး ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဥမင်လှိုဏ်ခေါင်း ခေါင်မိုးပြိုကျစဉ်တွင် ဥမင်လှိုဏ်ခေါင်း အတွင်း၌ အလုပ်သမား ၈ဦး အလုပ်လုပ်နေကြောင်း ကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးဆုံး ရွှေတူးဖော်ရေး Newmont ကုမ္ပဏီကထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူ အလုပ်သမားများသည် ရွှေတူးဖော်ရေး ဥမင်လှိုဏ်ခေါင်း ခေါင်မိုးတည်ဆောက်ရန် စာချုပ်ချုပ်ဆိုထားသော Consar ကုမ္ပဏီမှ ဖြစ်ကြကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။အခြားအလုပ်သမားများအား နေရာရွှေ့ပြောင်းပေးခဲ့ပြီး Newmont ကုမ္ပဏီသည် လုပ်ငန်းများ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆောင်ရွက်နိုင်ခြင်းရှိသည်အထိ လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။အာဏာပိုင်များက ယင်း ပြိုကျမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)