Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် လူ၁၀ဦးသေဆုံး၊ ၆၅ဦးဒဏ်ရာရရှိ

နိုင်ဂျီးရီးယားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည်အသေခံဗုံးဖောက်ခွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့ တွင် ဇန်နဝါရီ ၁၇ရက်က အသေခံဗုံးဖောက်ခွဲမှု ၂ခုကြောင့် လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၆၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများ ကပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ် မိုင်ဒူဂူရီမြို့ အစွန်အဖျား တွင် တည်ရှိသော မူနာဂါရေ့ချ် ဧရိယာ ရှိ ဈေးတစ်ခုအတွင်း ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့အစည်းမှ အဖွဲ့ဝင် ၂ဦး က အသေခံဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အသေခံဗုံးဖောက်ခွဲမှုကြောင့် ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဘော်နိုပြည်နယ် ရဲချုပ် ဒါမီအန်ချူကူး ကပြောကြားခဲ့သည်။

ပထမအကြိမ်ပေါက်ကွဲမှုသည် ဈေးအဝင်ပေါက်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုသည် ဈေးအလယ်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချူကူး ကပြောကြားခဲ့သည်။

အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Abdulkadir Ibrahim က တိုက်ခိုက်မှုများကြောင့် စုစုပေါင်းလူ ၆၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ၎င်းတို့အား ပြည်တွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သစ်သီးဝလံများ နှင့် အစားအစာများ ဈေးအတွင်းပြန့်ကျဲကုန်ကြောင်း မျက်မြင်တွေ့ရှိသူများကပြောကြားခဲ့သည်။

၂၀၁၇ခုနှစ်တွင်လည်း မြို့၏ မူနာဧရိယာတွင် အသေခံဗုံးခွဲမှု ၁၂ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် ၂၀၁၈ခုနှစ်အတွင်း ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၉ခုနှစ်မှစ၍ နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘိုကိုဟာရမ်တို့၏ အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ကျော်သေဆုံးခဲ့ရပြီး သန်းချီသော ဒေသခံများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.