Africa & Middle East
မိုဆူးလ်မြို့အနီး ဒုက္ခသည်စခန်းတွင် သက်တမ်းလွန် အစားအစာများ စားမိလို့ လူပေါင်း ၉၀၀ ကျော် ဖျားနာ
မိုဆူးလ်၊ အီရတ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ မိုလ်ဆူးမြို့ရှိ Al-Khazir-2 ဒုက္ခသည်စခန်းတွင် ဇွန်လ ၁၂ ရက်က ရာမာဒန် (Ramadan) ဥပုသ်လ နံနက်စာ စားသုံးစဉ်တွင် သက်တမ်းလွန် အစားအစာများ စားသောက်ပြီးနောက် နေရပ် ရွှေ့ပြောင်းလာသူပေါင်း ၉၀၀ ကျော် ဖျားနာခဲ့ကြောင်း အီရတ် တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။
“Qatari လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းက လှူဒါန်းတဲ့ ရာမာဒန် ဥပုသ်လ နံနက်စာ စားပြီးနောက် ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ လူ ၉၀၀ ကျော် အခုလို ဖျားနာခဲ့ရတာပါ” ဟု Nineveh ပြည်နယ် လွှတ်တော်အမတ် ဇာဟစ် ဆယ်-ခါတိုနီက ဒုက္ခသည် စခန်းအတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ဖျားနာသူများကို ကူညီရန်အတွက် Arbil နှင့် Nineveh ပြည်နယ်များရှိ ကျန်းမာရေးဋ္ဌာနများမှ ဆေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေမှာ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ သေဆုံးသူ မရှိကြောင်း၊ ဖျားနာသူ အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် အသက်ကြီးသူများ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ စားသောက်ခဲ့သည့် အစားအစာများမှာ Erbil ရှိ စားသောက်ဆိုင်မှ ယူဆောင်လာသော ပဲ၊ ထမင်း၊ ကြက်သားနှင့် ဒိန်ချဉ် စသည်တို့ ဖြစ်ကြောင်း၊ ထို အစားအစာများကို စားသောက်မိသူများမှာ အော့အန်ခြင်းနှင့် ဗိုက်အောင့်ခြင်းများ ဖြစ်ခဲ့ကြောင်း Kurdish Rudaw မီဒီယာ ကွန်ရက် သတင်းအရ သိရသည်။
ရွက်ဖျဉ်တဲပေါင်း ၁၀၀၀ ကျော်ရှိသည့် Al-Khazir-2 ဒုက္ခသည်စခန်းမှာ မိုဆူးလ်မြို့ အရှေ့ဘက် ၅၀ ကီလိုမီတာ၌ တည်ရှိပြီး မကြာသေးမီက မိုလ်ဆူး အနောက်ဘက်ရှိ နေအိမ်များမှ စွန့်ခွာလာသူ အရပ်သားများအတွက် ရက်သတ္တပတ်က တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။
မွတ်ဆလင်ဘာသာဝင်များအတွက် ရာမာဒန်လ (Ramadan) သည် အစ္စလာမ်ပြက္ခဒိန်အရ အသန့်ရှင်းဆုံးလ ဖြစ်ပြီး တစ်လပတ်လုံး အရုဏ်မှ နေဝင်ချိန်မတိုင်မီအထိ အစာစားခြင်း၊ အရက် သောက်သုံးခြင်း၊ အပြစ်ဖြစ်စေမည့် အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များကို စောင့်ထိန်း ရှောင်ရှားရမည့် လလည်း ဖြစ်သည်။ (Xinhua)