Africa & Middle East
အစ္စတန်ဘူလ်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရ
အစ္စတန်ဘူလ်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ဇွန်လ ၇ ရက်က ရဲကားတစ်စီးအား ပစ်မှတ်ထားပြီး ကားဗုံးဖောက်ခွဲခဲ့ရာ ရဲ အရာရှိ ၇ ဦး၊ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ ၃၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယင်း ဒဏ်ရာရသူများအနက် သုံးဦးမှာ စိုးရိမ်ရကြောင်း အုပ်ချုပ်ရေးမှူး ဗာစစ်ပ် စာဟင်းန်က အခင်းဖြစ်ပွားသည့် အခြေအနေအား ပြောပြခဲ့သည်။
ကားဗုံးပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် နံနက် ၈း၄၀ နာရီအချိန်က အဓိကရုဏ်း ဖြိုခွဲသည့် ရဲကား ဖြတ်သွားစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရဲစခန်းအနီး ရဲများနှင့် သေနတ်သမားများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
လတ်တလောလများအတွင်း တူရကီ နိုင်ငံအတွင်း လုံခြုံရေး အခြေအနေများသည် ဆိုးဝါးလာခဲ့ပြီး မြို့တော် အန်ကာရာနှင့် အခြားမြို့များ၌လည်း ဗုံးဖောက်ခွဲ တိုက်ခိုက်မှု အရေအတွက် များပြားလာခဲ့သည်။ (Xinhua)