Africa & Middle East
အစ္စတန်ဘူလ်မြို့ တိုက်ခန်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ၈ ထပ်အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၃ ဦးအထိရှိလာပြီး အခြားသူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေးမှူးရုံးက ဖေဖော်ဝါရီလ ၇ ရက်တွင် ကြေညာလိုက်သည်။
“အဆောက်အအုံပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရသူအနက် ၃ ဦးက စိုးရိမ်ရတယ်” ဟု အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ချက်အကျဉ်း၌ ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက်အရ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အပျက်အစီးများအကြား လူအရေအတွက်မည်မျှ ပိတ်မိနေဆဲဖြစ်သည်ကို မသိရသေးပေ။
အဆိုပါ ပြိုကျသွားသော အဆောက်အအုံတွင် လူ ၄၃ ဦးခန့် နေထိုင်ပြီး အစ္စတန်ဘူလ်မြို့ Kartal ခရိုင်တွင် တည်ရှိကြောင်း Hurriyet နေ့စဉ်သတင်းစာ၌ ဖော်ပြထားသည်။
အဆောက်အအုံပြိုကျရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း၊ အဆောက်အအုံမပြိုကျမီ ပေါက်ကွဲသံတစ်ခုကြားခဲ့ရသည်ဟု မျက်မြင်သက်သေအချို့က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)