Connect with us

Africa & Middle East

အစ္စရေး ဝန်ကြီးချုပ်၏ အဂတိ လိုက်စားမှုအား မတ်လတွင် စစ်ဆေးသွားမည် 

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု(Benjamin Netanyahu)၏ အဂတိ လိုက်စားမှု စစ်ဆေးခြင်းကို အစ္စရေး နိုင်ငံ၏ လွှတ်တော် ရွေးကောက်ပွဲအပြီး နှစ်ပတ်အကြာ မတ်လ ၁၇ ရက်တွင် စတင်ရန် သတ်မှတ် ထားကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အမှုကို ရုံးတင် စစ်ဆေးမည့် ဂျေရုစလင် ခရိုင်တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူက ကာလရှည်ကြာ ရပ်တန့်ထားသည့် ရုံးတင်စစ်ဆေးခြင်းကို မတ်လ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် စတင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအမှုအတွက် သုံးဦးထိုင် တရားခွင် စစ်ဆေးမှု ပြုလုပ်သွားရန် ကြိုတင် ကြေညာခဲ့ပြီး ဖြစ်ကြောင်း ၊ စစ်ဆေးမည့် တရားသူကြီးများ ဖြစ်ကြသော Rivkah Friedman-Feldman ၊ Moshe Bar-Am နှင့် Oded Shaham သုံးဦးလုံးသည် ဂျေရုစလင် ခရိုင်တရားရုံးမှ ဖြစ်ကြောင်း သိရသည်။ 

ဇန်နဝါရီ ၂၈ ရက်တွင် နေတန်ယာဟုအား စွဲချက်တင်ခဲ့သည့် အချိန်မှ စတင်ကာ ရပ်ဆိုင်းထားသော တရားခွင် ကြားနာ စစ်ဆေးမှု အတွက် ခရိုင်တရားရုံးက ရက်ပြန်လည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ကာလကြာ အုပ်ချုပ်ခဲ့သည့် အစ္စရေး ဝန်ကြီးချုပ်ကို လာဘ်ပေးလာဘ်ယူမှု ၊ လိမ်လည်မှု နှင့် ယုံကြည်မှု ဖောက်ဖျက်မှု စသည့် သီးခြား အမှု ၃ မှုဖြင့် စွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ 

အသက် ၇၀ အရွယ် ရှိအစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် ၎င်း၏ လက်ယာယိမ်း Likud ပါတီ နှင့် ၎င်း၏ အဓိက ပြိုင်ဘက် Benny Gantz ဦးဆောင်သော အလယ်အလတ် ဝါဒီ ဖြစ်သည့် အပြာ-အဖြူ ပါတီတို့ အကြား ထောက်ခံမဲ ကွာခြားမှုမှာ အကြိတ် အနယ် ဖြစ်နေပြီး ၎င်း၏ နိုင်ငံရေး ရှင်သန်ရပ်တည်ရေး အတွက် ရုန်းကန်နေရကြောင်း သိရသည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးနိုင်ငံ သမိုင်းတွင် ပထမဆုံး တရားစွဲဆိုခံရသည့် တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ်တစ်ဦး ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.