Connect with us

Africa & Middle East

ဩစတြေးလျ၏ ကိုယ့်အပြစ်အား သူများအပေါ် ပုံချသည့်လုပ်ရပ်နှင့် မတူညီသည့် စံနှုန်း ၂ ခုကို အာဖဂန် ပြည်သူများက လက်မခံ

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် ဩစတြေးလျ ကာကွယ်ရေးဦးစီးချုပ် Angus Campbellက စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ ထုတ်ဖော်ပြောကြားနေသည်ကို နိုဝင်ဘာ ၁၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

သေဆုံးသွားသူ တာလီဘန်လက်နက်ကိုင်၏ ခြေထောက်အတုကို ဘီယာခွက်လုပ်သောက်နေသည့် ဩစတြေးလျ အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ဓါတ်ပုံကို ဗြိတိန်၏ “The Guardian” ဩစတြေးလျ သတင်းစာက ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့ရာ အာဖဂန်တွင် ပြုမူခဲ့သည့် ဩစတြေးလျစစ်တပ်၏ စက်ဆုပ်ဖွယ်အပြုအမူများကို ခိုင်ခိုင်မာမာ နောက်ထပ်တစ်ကြိမ် ထိုးနှက်မှုဖြစ်စေခဲ့သည်။

အာဖဂန်နစ္စတန်ရှိ ဩစတြေးလျစစ်တပ်၏ အကြမ်းဖက်မှုများ အဆက်မပြတ်‌ ဖော်ထုတ်ခံရပြီး နိုင်ငံတကာ ဝေဖန်မှုလှိုင်းလုံးရိုက်ခတ်သံ ဆူညံလာချိန်တွင် တရုတ်အစိုးရအရာရှိ လူမှုကွန်ရက်တွင် အသုံးပြုခဲ့သည့် ပန်းချီကာတွန်းကို ဓါတ်ပုံတု ဟူ၍ အကျယ်တဝင့်ပြုလုပ်လာခဲ့သည်။

ထိုအပေါ် အာဖဂန်က ဝေဖန်ပြောကြားမှုများရှိခဲ့ရာ ဩစတြေးလျ၏ အပြုအမူသည် လူ့အခွင့်အရေးပြဿနာတွင် မတူညီသည့် စံနှုန်း ၂ ခုထားရှိသည်ကို ပေါ်လွင်စေကြောင်း၊ ၎င်းတို့ လုပ်ဆောင်သင့်သည်မှာ တရုတ်နိုင်ငံကို အာရုံလွှဲရန် ထိုးနှက်ခြင်းမဟုတ်ဘဲ အာဖဂန်ပြည်သူများအပေါ် စိတ်ရင်းအမှန်ဖြင့် တောင်းပန်ရမည် ဖြစ်ကြောင်း ဆိုသည်။

ထပ်လောင်း သက်သေပြု

အမှန်စင်စစ်တွင်မူ ဩစတြေးလျစစ်သားက အာဖဂန်တွင် သေဆုံးသွားသူ၏ ခြေထောက်တုကို အောင်ပွဲခံရလဒ်အဖြစ် ပြုလုပ်ခြင်းကို သတင်းမီဒီယာအချို့က အစောပိုင်းတွင် ဖော်ပြခဲ့ဖူးသည်။ ယခုအခါ The Guardianတွင် ဖော်ပြခဲ့သည့် သက်ဆိုင်ရာ ဓါတ်ပုံများက ကြားရသူတို့ ထိတ်လန့်ဖွယ်ဖြစ်ရသည့် အပြုအမူကို ထပ်လောင်း သက်သေပြုလိုက်ခြင်း ဖြစ်သည်။ ခြေထောက်အတုဖြင့် ဘီယာသောက်သည့် ဓါတ်ပုံအပြင် ဩစတြေးလျစစ်သား ၂ ဦးက ခြေအတုဖြင့် တွဲရိုက်သည့် ဓါတ်ပုံလည်း ပေါ်ထွက်လာသည်။

၎င်းမှာ ဩစတြေးလျစစ်တပ်၏ အာဖဂန်အကြမ်းဖက်မှု အကျည်းတန်သတင်း နောက်ဆုံးအခြေအနေ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ကျော်ခန့်က အာဖဂန်အခြေစိုက် ဩစတြေးလျတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက် အစီရင်ခံစာကို ဩစတြေးလျ စစ်တပ်က ထုတ်ပြန်ခဲ့ပါသည်။ ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများက အာဖဂန်အခြေစိုက် ဩစတြေးလျတပ်ဖွဲ့၏ စစ်ရာဇဝတ်မှုကျူးလွန်သည့် သံသယရှိဖွယ်အပြုအမူများကို သက်သေပြုနိုင်ခဲ့ရာ ဩစတြေးလျ စစ်သား ၂၅ ဦးက အာဖဂန်အကျဉ်းသားနှင့်အရပ်သား သတ်ဖြတ်မှု ၂၃ ခုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိပြီး ယင်းဖြစ်ရပ်များတွင် လူပေါင်း ၃၉ ဦးသတ်ဖြတ်ခံရ၍ အခြား လူ ၂ ဦး ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ဆိုသည်။

ဩစတြေးလျတပ်ဖွဲ့၏ အကြမ်းဖက်ရက်စက်မှုသည် ကမ္ဘာကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောကြားမှုများ ရှိလာခဲ့သည်။ ထိခိုက်နစ်နာမှုရှိခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံသားများက ဝေဖန်ပြစ်တင်ခဲ့ကြပြီး ပညာရှင်မှသည် သာမန်အရပ်သားပြည်သူများအထိ ထိုအကြမ်းဖက်မှုအပေါ် အမျက်ဒေါသထွက်ခဲ့ကြသည်။

“မည်သည့် နိုင်ငံတကာဥပဒေ သို့မဟုတ် နိုင်ငံတကာ သတ်မှတ်ချက်များအရမဆို အရပ်သားပြည်သူကို သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဩစတြေးလျစစ်သားတွေ အာဖဂန်မှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုက သံသယရှိစရာမလိုတဲ့ ကိစ္စပါ”ဟု အာဖဂန် နိုင်ငံရေးလေ့လာသုံးသပ်သူKhan Mohamed Danishjuက ဆိုပါသည်။

ကဘူးလ် စတိုးဆိုင်ပိုင်ရှင် Hassan Samediက “အမေရိကန်နဲ့သူတို့ရဲ့မဟာမိတ်တွေက အကြမ်းဖက်တိုက်ဖျက်ရေးဆိုတဲ့ အလံကို လွှင့်ထူပြီး အာဖဂန်ကို လာတယ်။ စစ်ရာဇဝတ်မှုတွေကို မပြတ် ကျူးလွန်တယ်။ အပြစ်မဲ့အာဖဂန်ပြည်သူတွေကို သတ်ဖြတ်တယ်”ဟု ဆိုသည်။

ဖိအားကို ဦးတည်ရာပြောင်းအောင် ခေါင်းလွှဲလိုက်ခြင်း

နိုင်ငံတကာအသိုက်အဝိုင်းသကဲ့သို့ ဩစတြေးလျ၏ အကြမ်းဖက်ရက်စက်မှုကို ဝေဖန်ပြောဆိုလိုက်သည့်အခါ ဩစတြေးလျအစိုးရက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း၏ တွစ်တာပေါ်ရှိ ကာတွန်းပန်းချီဓါတ်ပုံကို “ဓါတ်ပုံအတု”ဟု ဆိုကာ ပေါ်ပေါ်ထင်ထင် ပြန်လည်ပြစ်တင်ဝေဖန်လာခဲ့သည်။

ဩစတြေးလျ၏ “ဓါတ်ပုံတု”ဟု ဝေဖန်ခြင်းကိုက အဓိပ္ပါယ်မဲ့လုပ်ရပ်ဖြစ်သည်မှာ ပေါ်လွင်ကြောင်း၊ အွန်လိုင်းသုံးသူတစ်ဦးက ကွန်ပျူတာဖြင့် ရေးဆွဲသည့် ထိုကာတွန်းပန်းချီသည် ဩစတြေးလျစစ်တပ် အစီရင်ခံစာ၏ ဖြစ်ရပ်မှန်ကို အခြေခံထားခြင်းဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။ ဩစတြေးလျတပ်ဖွဲ့၏ အကြမ်းဖက်ရက်စက်မှုများကို ဂရုပြုအာရုံစိုက်ဝေဖန်မှုများအား “ဓါတ်ပုံတု”ဟူသော အကြောင်းအရာပေါ် အာရုံလွှဲ၍ ဝေဖန်ထိုးနှက်ချက်ဖိအားကို လျှော့ချပစ်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပေသည်။

ထိုလုပ်ရပ်ကို အာဖဂန်က ရှင်းလင်းစွာ သိမြင်ထားသည်။ “Afghanistan Times”သတင်းစာ၏ ဒီဇင်ဘာ ၁ ရက် အယ်ဒီတာ့အာဘော်သုံးသပ်ချက် သတင်းဆောင်းပါးတွင် “ဒုက္ခအတိခံစားနေရတဲ့ အာဖဂန်နစ္စတန်ပြည်သူတွေက အာဖဂန်မှာ ပြည်ပစစ်တပ်တွေ ဥပဒေမဲ့ သတ်ဖြတ်ခြင်းအပေါ် တရုတ်နိုင်ငံ၏ ရှုတ်ချဝေဖန်မှုကို ကြိုဆိုတယ်။ အခြားနိုင်ငံတွေကလည်း အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို ဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ်ရန် ထောက်ခံဖို့ ကြိုဆိုပါတယ်။ ”ရေးသားခဲ့သည်။

အာဖဂန်နိုင်ငံရေးလေ့လာသုံးသပ်သူ  Zabihullah Zamarayက စစ်ရာဇဝတ်မှု ကျူးလွန်သည့် ဩစတြေးလျ စစ်သားများ ထိုက်သင့်သည့်အပြစ်ဒဏ်ရရှိအောင် အာဖဂန်ပြည်သူများအတွက် တရုတ်နိုင်ငံက ပြောကြားခြင်း ဖြစ်ကြောင်း ဆိုသည်။

ဩစတြေးလျအစိုးရက တရုတ်နိုင်ငံကို တောင်းပန်ရန် တောင်းဆိုခြင်းက ဟာသဆန်သည့် လုပ်ရပ်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည်မှာ မိမိနိုင်ငံ၏စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သောစစ်သားများအတွက် အာဖဂန်ပြည်သူလူထုကို စိတ်ရင်းအမှန်နှင့်တောင်းပန်ရမည် ဖြစ်ကြောင်း Danish Zhu ဆိုသည်။

မတူညီသည့် စံနှုန်း ၂ ခု

လူ့အခွင့်အရေး ပြဿနာများတွင် ဩစတြေးလျအပါအဝင်အနောက်နိုင်ငံများက တရုတ်နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဟိုဟိုဒီဒီလက်ညှိုးညွှန်နေပြီး စည်းမဲ့ဘောင်မဲ့တိုက်ခိုက်နေမှုများ ကာလကြာရှည်တည်ရှိနေသည်မှာ သတိပြုဖွယ်ရာဖြစ်သည်။ သို့သော် ယခုအခါ ဩစတြေးလျတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်သည့် အကြမ်းဖက်မှုကို တရုတ်နိုင်ငံက ဝေဖန်ရှုတ်ချသည့်အခါ “ဓါတ်ပုံအတု”ဟူ၍ ကိုယ့်အပြစ်ကို သူများအပေါ်ပုံရန် ဩစတြေးလျက လုပ်ဆောင်ခဲ့ရာ အနောက်နိုင်ငံအချို့၏ အားပေးထောက်ခံမှုကိုပင် ရရှိခဲ့သည်။

ဤဖြစ်စဉ်သည် ဩစတြေးလျစသည့်အနောက်နိုင်ငံများက လူ့အခွင့်အရေး ပြဿနာပေါ် စေတနာဟန်ဆောင်ခြင်းနှင့် မတူညီသည့် စံနှုန်း ၂ ခု ထားရှိခြင်းမှာ ပေါ်လွင်သည်ဟု သုံးသပ်သူများက ဆိုသည်။

“ ’ငါလုပ်ရင်ရတယ်၊ မင်းဆိုရင် မရဘူး’ဟူသော စိတ်ထားမျိုးက အချို့လူများရဲ့ အံ့ဖွယ်ကောင်းပြီး နားမလည်နိုင်အောင် မာန်မာနနှင့်ဟန်ဆောင်မှုကို ပေါ်လွင်စေတယ်။သူတို့ရဲ့ ရည်ရွယ်ချက်အမှန်က တရုတ်နိုင်ငံရဲ့ လက်တွေ့ဖြစ်ရပ်မှန်ကို ပြောကြားခွင့်အား ငြင်းပယ်ခြင်းသာဖြစ်တယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

အမှန်စင်စစ် ဩစတြေးလျ၏ မတူညီသည့် စံနှုန်း ၂ ခုသည် ၎င်းစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုပေါ်တွင် ထားရှိသည့် သဘောထားကို ပြသခြင်း ဖြစ်သည်။ အာဖဂန်တွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုကို သတင်းမီဒီယာသိအောင် လှစ်ဟထုတ်ဖော်ခဲ့သည့် ဩစတြေးလျ ယခင်စစ်ဘက်ဆိုင်ရာ ရှေ့နေ David McBrideကို စစ်တပ်“သစ္စာဖောက်”အဖြစ် ယခုနှစ်များတွင် ရှုမြင်ပြီး လျှို့ဝှက်စာရွက်စာတမ်းပေါက်ကြားမှုဖြင့် တရားစွဲခဲ့သည်။ အကြမ်းဖက်မှု အတည်ပြုသက်သေများ ပေါ်ထွက်လာခဲ့သည့်အခါ ဩစတြေးနိုင်ငံအတွင်းတွင် David McBrideအား တရားစွဲဆိုမှု ရုပ်သိမ်းရန် တောင်းဆိုသံများ မြင့်မားလာခဲ့သော်လည်း ဩစတြေးလျအစိုးရအနေဖြင့် မတုန်မလှုပ်လျစ်လျူရှုခဲ့သည်။

ဩစတြေးလျအပြင် အခြားအာဖဂန်နစ္စတန်အခြေစိုက် နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံ တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုကျူးလွန်ပုံများ ပေါ်ထွက်ခဲ့သော်လည်း သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများသည် နိုင်ငံရေးကြားဝင်မှုဖြင့် အဖြေမရှိ အဆုံးမသတ်နိုင်ခဲ့သလို ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသောစစ်သားများသည်လည်း နောက်ဆုံးတွင် ဥပဒေကြိုးဝိုင်းပြင်ပ၌ လွတ်လပ်နေခဲ့သည်။ ထိုအကြောင်းများကြောင့်ပင် အာဖဂန် ပြည်သူများက ဩစတြေးလျ၏ စစ်ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို မျှော်လင့်ချက်မထားခဲ့ပေ။

အာဖဂန် အရပ်သားတစ်ဦးဖြစ်သည့် Faruh Shahက “ဩစတြေးလျတပ်ဖွဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဟာ ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်နိုင်စရာမရှိဘူး၊ ဒါက ဩစတြေးလျ အစိုးရရဲ့ လူ့အခွင့်အရေးအပေါ်ထားတဲ့ တူညီမှုမရှိတဲ့ စံချိန်စံညွှန်းက ပေါ်လွင်ပါတယ်”ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အကယ်၍ နိုင်ငံတကာအသိုက်အဝန်း၏ ဖိအားမရှိပါက ပြစ်မှုကျူးလွန်သည့် ဩစတြေးလျစစ်သားများသည် ပိတ်ဆို့မှုများကို အမှန်တကယ်ခံရနိုင်ဖွယ် ရှိရန် ယုံကြည်ဖို့ ခဲယဉ်းကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.