Africa & Middle East
၂၀၁၈ ခုနှစ်အတွင်း လစ်ဗျားနိုင်ငံရှိ ကလေးငယ် ၃၇၈,၀၀၀ ဦး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း ယူနီဆက်ပြောကြား
![လစ်ဗျားနိုင်ငံရှိ ဒုက္ခသည်စခန်း တစ်ခုအတွင်းမှ ကလေးငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2018/01/images_world_2018_01_30o1.jpg)
ထရီပိုလီ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံရှိ ကလေးငယ် ၃၇၈,၀၀၀ ဦး သည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကာကွယ်မှုများ လိုအပ်လျက်ရှိသည်ဟု ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ (UNICEF) က အတည်ပြုပြောကြားလိုက်သည်။
“၇ နှစ်ကြာ ပဋိပက္ခတွေပြီးတဲ့နောက် လစ်ဗျားနိုင်ငံက ကလေးငယ် ၃၇၈,၀၀၀ ရဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေဟာ ယိုယွင်းလာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အသက်ကယ် အကူအညီနဲ့ ကာကွယ်ရေးအတွက် လိုအပ်လျက်ရှိပါတယ်” ဟု လစ်ဗျားနိုင်ငံ ကုလသမဂ္ဂ ထောက်ပံ့ရေးလုပ်ငန်း၏ အစီရင်ခံစာအရ သိရသည်။
၂၀၁၈ ခုနှစ်သည် လစ်ဗျားနိုင်ငံအတွက်၊ အထူးသဖြင့် ကလေးငယ်များအတွက် အရေးကြီးသော နှစ်ဖြစ်ကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ ယူနီဆက် အထူး ကိုယ်စားလှယ် Abdel-Rahman Ghandour က ပြောကြားခဲ့သည်။
“လစ်ဗျားနိုင်ငံရှိ ကလေးငယ်များအတွက် ကာလရှည် ကူညီထောက်ပံ့မှုနဲ့ အရေးပေါ် အသက်ကယ် အကူအညီအတွက် ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀ တိုးမြှင့်ဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ကလေးတွေရဲ့ နောက်ခံအကြောင်းရင်း၊ နိုင်ငံသား၊ ကျား၊ မခွဲခြားခြင်း သို့မဟုတ် လူမျိုး စသဖြင့် ခွဲခြားမှုမရှိဘဲ ပိုမို ကောင်းမွန်တဲ့ အနာဂတ်အတွက် အခွင့်အရေးရှိပါတယ်” ဟု Ghandour က ဖြည့်စွက် ပြောကြားခဲ့သည်။
ယူနီဆက်သည် လစ်ဗျားနိုင်ငံရှိ ကလေးငယ်များအတွက် ဆေးဘက်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု၊ ပညာရေး၊ ကာကွယ်ရေးနှင့် မိလ္လာရေဆိုးစနစ်နှင့် ရေရရှိရေး ထောက်ပံ့ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မွမ်မာဂဒါဖီအစိုးရအဖွဲ့ ဖြုတ်ချခံရပြီးကတည်းက နိုင်ငံအတွင်း မလုံခြုံမှုများနှင့် နိုင်ငံရေး ပရမ်းပတာဖြစ်မှုများကြုံတွေ့နေခဲ့ရသည်။ (Xinhua)