Connect with us

Africa & Middle East

ဆီးရီးယားစစ်ဆင်ရေးကြောင့် တူရကီ နှင့် အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်နိုင်ခြေရှိလာ

တူရကီနိုင်ငံ နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဆီးရီးယားနယ်စပ်မှ အက်ဖရင်းဒေသ နှင့် Manbij မြို့တို့အား မြေပုံ၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က ဆီးရီးယားနယ်စပ် တစ်လျှောက်ရှိ အကြမ်းဖက်သမားများကို ရှင်းလင်းတိုက်ထုတ်သွားမည်ဟု ဇန်နဝါရီ ၂၈ရက်တွင် ကတိပြုခဲ့ပြီးနောက် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများကြောင့် တူရကီ နှင့် ဆီးရီးယားနိုင်ငံအတွင်း ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အကြား ထိပ်တိုက်ရင်ဆိုင်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း ဒေသခံကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ Bekir Bozdag က အမေရိကန်တပ်ဖွဲ့ဝင်များ အနေဖြင့် ကာ့ဒ်တိုက်ခိုက်ရေးသမားများ နှင့်ရောနှောပါဝင်နေပါက ၎င်းတို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ရမည် ဖြစ်ကြောင်း တူရကီက ဆီးရီးယားကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့သော ၁၀ရက်မြောက်နေ့ဖြစ်သည့် ဇန်နဝါရီ ၂၉ရက်တွင်ပြောကြားခဲ့သည်။

သို့သော် ဇန်နဝါရီ၂၀ရက်မှ စ၍ တူရကီစစ်တပ် နှင့် ဆီးရီးယားလွတ်မြောက်ရေးတပ်တို့ ပူးပေါင်း၍ ကာ့ဒ်တိုက်ခိုက်ရေးသမားများအား ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှ တိုက်ထုတ်ရန် ဆောင်ရွက်နေသည့် အဓိက စစ်ဆင်ရေးများအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ အက်ဖရင်းဒေသအား ထိုးစစ်ဆင်ရန် တူရကီနယ်စပ်သို့ ရောက်ရှိလာသည့် တူရကီစစ်သားတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

တူရကီစစ်တပ်မှ ဆီးရီးယားနိုင်ငံ အက်ဖရင်းဒေသအား ဒုံးကျည်များဖြင့်တိုက်ခိုက်မှုကြောင့် မီးခိုးများထွက်ပေါ်လာစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသော ကာ့ဒ်တိုက်ခိုက်ရေးသမားများသည် IS စစ်သွေးကြွများ ကို တိုက်ခိုက်ရာတွင် အမေရိကန်တပ်ဖွဲ့ နှင့် မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစ္စတန်ဘူလ် မာမာရာ တက္ကသိုလ် မှ ဥပဒေရေးရာ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Ersan Senက ဆီးရီးယားနိုင်ငံအတွင်း တူရကီနိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား စစ်ရေးအရ ပဋိပက္ခဖြစ်ပွားခြင်းသည် နေတိုးအဖွဲ့အစည်းအတွက် အဆုံးသတ်တစ်ခုကို ယူဆောင်လာလိမ့်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်နိုင်ငံစလုံးသည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Sen က တူရကီနိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို လိုလားသော နေတိုးအဖွဲ့ဝင်နိုင်ငံအချင်းချင်းဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးအဆင်မပြေမှုများ နှင့် ယုံကြည်မှုပျက်ပြားမှုများ ရှိနေသည့်ကြားက နိုင်ငံ၏ လုံခြုံရေးကို ရှေးရှု၍ တူရကီနိုင်ငံနယ်စပ်တွင် အာဏာရှင်နိုင်ငံတည်ထောင်ရန် ကြိုးပမ်းနေသည့်ဟု ယူဆရသော ကာ့ဒ်အကြမ်းဖက်သမားများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက တူရကီသာ အနိုင်ရရှိခဲ့ပါက တင်းမာနေသည့် တူရကီ-အမေရိကန်ဆက်ဆံရေးကို အလေးအနက်ဆွေးနွေးမှုများဖြင့် ပြန်လည်ဖြေလျော့နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က YPG စစ်သွေးကြွများ ရှိနေသည့် တူရကီ၏ ၉၀၀ကီလိုမီတာ ရှည်လျားသော နယ်စပ်တွင် ရှင်းလင်းမှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့ပြီးနောက် Sen ၏မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်ပြီး သမ္မတ၏အဆိုအရ တူရကီသည် ကာ့ဒ်တို့ ထိန်းချုပ်ထားသော အက်ဖရင်းဒေသ အပြင် အရှေ့ဘက်သို့ ၁၀၀ကီလိုမီတာ တိုး၍ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ စခန်းချနေသည့် Manbij မြို့သို့ပါ ဦးတည်၍ တိုက်စစ်ဆင်လာနိုင်ခြေရှိကြောင်း သိရသည်။

တူရကီနိုင်ငံ အန်ကာရာမြို့၌ အာဏာရပါတီဖြစ်သော တရားမျှတမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ပါတီ (AKP) အဖွဲ့ဝင်များအား အာဒိုဂန်က မိန့်ခွန်းပြောကြားရာတွင် ၎င်းတို့၏ တိုက်စစ်ဆင်မှုကို ကန့်သတ်လုပ်ဆောင်ရန် ပြောကြားလာသော အမေရိကန်နိုင်ငံ၏ တိုက်တွန်းမှုကို လျစ်လျူရှု၍ အက်ဖရင်းဒေသအား တိုက်ခိုက်ပြီးနောက် နောက်ထပ်ပစ်မှတ်ထားတိုက်ခိုက်မည့်မြို့မှာ Manbijမြို့ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တူရကီ နှင့် ဆီးရီးယား ကာ့ဒ်တို့၏ တိုက်ပွဲအကြား အမေရိကန်တပ်ဖွဲ့များဝင်ရောက်လာနိုင်ခြေ ပိုမိုမြင့်တက်လာစေခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် ဆီးရီးယားအရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း၊ ဆီးရီးယားတွင် တူရကီတို့၏ တိုက်စစ်ဆင်မှုကို လျှော့ချရန် နှင့် ကျူးကျော်မှုကို ကန့်သတ်လုပ်ဆောင်ရန် အာဒိုဂန်အား တိုက်တွန်းပြောကြားခဲ့သည်။

သို့သော် တူရကီနိုင်ငံ က အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ကို ငြင်းဆန်ခဲ့ပြီး အန်ကာရာမြို့မှ အစိုးရတာဝန်ရှိသူများ၏ တန်ပြန်ကြေညာချက်များအရ တူရကီသည် Manbij မြို့အား ပြင်းထန်စွာ ထိုးစစ်ဆင်ရန် လက်နက်ခဲယမ်းများ ဖြည့်တင်းလျက်ရှိပြီး ယင်းဒေသမှ အမေရိကန်တပ်ဖွဲ့ဝင်များအား အမြန်ဆုံးဆုတ်ခွာပေးရန်ပင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အာဒိုဂန်က ၎င်း ကတိပြုထားသည့်အတိုင်း Manbij မြို့မှ စစ်သွေးကြွများကို စီးနင်းတိုက်ခိုက်သွားမည်ဖြစ်ပြီး အီရတ်နိုင်ငံ နှင့် ထိစပ်နေသော တူရကီ နယ်စပ်၌ အကြမ်းဖက်သမားများ မရှိတော့သည့်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နှင့် ယင်းစစ်ဆင်ရေးသည် ကာ့ဒ်များအနေဖြင့် ကြားခံနယ်မြေတစ်ခု တည်ထောင်ပြီး မြေထဲပင်လယ်သို့ ဝင်ရောက်လာခြင်းကို တားဆီးရန် ဖြစ်ကြောင်း AKP အဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

တူရကီနိုင်ငံ သမ္မတ က အန္တရာယ်ကင်းမဲ့ဇုန်တည်ထောင်ပြီးနောက် ကာ့ဒ်တိုက်ခိုက်ရေးသမားများကို အမြစ်ပြတ်ချေမှုန်းကာ ယင်းဒေသအတွင်း အခြေခံအဆောက်အအုံ နှင့် အဖွဲ့အစည်းများကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson) က ဆီးရီးယားတွင် ကာ့ဒ်လူမျိုးတို့ ဦးဆောင်သည့် နယ်စပ်တပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း အငြင်းပွားဖွယ် ကိစ္စကို ထုတ်ဖော်ပြောကြားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တူရကီဘက်က တိုက်စစ်ဆင်လာခြင်းဖြစ်သည်။

အချို့သော ပညာရှင်များက အာဒိုဂန်အနေဖြင့် ၂၀၁၆ခုနှစ် တွင် IS စစ်သွေးကြွတို့၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာသည့် Manbij မြို့သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ပါက ကြီးမားသည့် ပဋိပက္ခတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့ကြသည်။

အက်ဖရင်းဒေသ ၏ ဝေဟင်ကို ထိန်းချုပ်ထားပြီး ဆီးရီးယားအရေးတွင် အဓိကကျသော အခန်းကဏ္ဍ၌ပါဝင်နေသည့် ရုရှားနိုင်ငံ၊ အီရန်နိုင်ငံ နှင့် အာဆတ်အစိုးရတို့က မကြာသေးမီကထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံ၏ကြေညာချက်များကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး အရေးကိစ္စများ ပိုမိုရှုပ်ထွေးလာခဲ့သည်။

အန်ကာရာအခြေစိုက် ORSAM ပညာရှင်များအသင်း မှ ဆီးရီးယားရေးရာကျွမ်းကျင်သူ Oytun Orhan က တူရကီ နှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံအကြား စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အခွင့်အလမ်းနည်းပါးသော်လည်း ထိပ်တိုက်တွေ့ဆုံခဲ့ပါက နေတိုးအဖွဲ့အစည်း၏ ရပ်တည်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Orhan က တူရကီနိုင်ငံ၏ အက်ဖရင်း စစ်ဆင်ရေး၌ အောင်မြင်မှုရလဒ်များပိုမိုရရှိခဲ့ပါက တူရကီ နှင့် အမေရိကန်တို့သည် Manbij တိုက်ပွဲနှင့် ပတ်သက်၍ အပြန်အလှန်ဖြေလျှော့မှုများကို သံတမန်နည်းအရ ရှာဖွေနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

၎င်းက တူရကီ နှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံစလုံးသည် ဆီးရီးယားတွင် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်သည့်အခြေအနေမျိုးကို လိုလားကြမည်မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ လုံခြုံရေးအခြေအနေကို ဖြေရှင်းရန် နောက်ဆုံးတွင် ၎င်း၏ မဟာဗျူဟာကို ပြောင်းလဲလိမ့်မည်ဟု ယူဆပါကြောင်းပြောကြားခဲ့သည်။

တူရကီအာဏာပိုင်များက ဆီးရီးယားတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ယခုအချိန်အထိ စုစုပေါင်း အကြမ်းဖက်သမား ၅၉၇ဦး နှင့် တူရကီ တပ်ဖွဲ့ဝင် ၅ဦး သေဆုံးခဲ့ကြောင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် တူရကီနှင့် အမေရိကန်တို့သည် တစ်ဖက် နှင့် တစ်ဖက် အလျှော့မပေးပဲ တူရကီဘက်မှ Manbij မြို့သို့ ဝင်ရောက်ထိုးစစ်ဆင်ပါက အမေရိကန်တပ်ဖွဲ့ဝင်များ နှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လာနိုင်ခြေရှိသောကြောင့် ယင်းအခြေအနေကို ရှောင်ရှားရန် အမေရိကန်တို့အနေဖြင့် ပဋိပက္ခများမဖြစ်ပွားခင် တူရကီဘက်က ပူးပေါင်းဆောင်ရွက်လာစေရန် အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အထူးလိုအပ်လာပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.