Africa & Middle East
အီရတ် နိုင်ငံ ရဲတပ်ဖွဲ့ က IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင် ၁၁ ဦး အား ပစ်ခတ်ရှင်းလင်း
ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အီရတ် နိုင်ငံ လုံခြုံရေး ဌာန တာဝန်ရှိသူ က အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk ပြည်နယ် တွင် ရဲတပ်ဖွဲ့ က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင် ၁၁ ဦး အား ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်နေ့ ၌ ပြောကြား ခဲ့သည်။
Kirkuk ပြည်နယ် ရဲတပ်ဖွဲ့ မှ အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင် တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် ရဲတပ်ဖွဲ့ အနေဖြင့် Kirkuk ပြည်နယ် Hawijah ဒေသ အနောက်ပိုင်း ရှိ ကျေးရွာများတွင် နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင် တွေ့ရှိ၍ ပစ်ခတ်ရှင်းလင်း ခဲ့ခြင်း ဖြစ်ပြီး လက်နက်ခဲယမ်း နှင့် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများကိုလည်း သိမ်းဆည်း မိခဲ့ကြောင်း ၊ ထို့ပြင် ရဲတပ်ဖွဲ့ အနေဖြင့် IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင် များ ပုန်းခိုသည့် တပ်စခန်းများကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ လာမည့်ရက်ပိုင်းများ တွင်လည်း နယ်မြေရှင်းလင်းရေး များကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Hawijah ဒေသ သည် Kirkuk ပြည်နယ် အနောက်တောင်ပိုင်း တွင် တည်ရှိပြီး ၂၀၁၄ ခုနှစ် တွင် IS လက်နက်ကိုင် တပ်ဖွဲ့ ထံသို့ ကျရောက် သွားခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ တွင် အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။
အီရတ် နိုင်ငံ သမ္မတ က ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့၌ အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် အီရတ် နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း တို့မှ သိမ်းပိုက်ထားသည့် နယ်မြေများ အားလုံးကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း လက်ရှိချိန်ထိ အချို့ ဝေးလံသည့် ဒေသ များတွင် အစွန်းရောက် အဖွဲ့ဝင် များမှာ ဆက်လက်၍ ပုန်းခိုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)