Connect with us

Africa & Middle East

ပြင်သစ် တိုက်လေယာဉ် များက ဆီးရီးယားရှိ IS တို့၏ မြို့တော်အား လေကြောင်း စစ်ဆင်ရေး ပြုလုပ်

ပြင်သစ် တိုက်လေယာဉ်များ IS စစ်သွေးကြွ တို့ ထိန်းချုပ်ထားသည့် ဆီးရီးယားရှိ ဒီဖက်တို မြို့အား နိုဝင်ဘာလ ၁၅ ရက်နေ့လေကြောင်း စစ်ဆင်ရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကက်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြင်သစ် တိုက်လေယာဉ်များသည် IS စစ်သွေးကြွတို့၏ အစ္စလမ်မစ် နိုင်ငံတော် မြို့တော်ဖြစ်သော ဆီးရီးယား မြောက်ပိုင်း အယ်ရက်ကာ ၏ မြို့အား ပစ်မှတ်ထားပြီး နိုဝင်ဘာလ ၁၅ ရက်နေ့က လေကြောင်း တိုက်ခိုက်မှု ၃၀ ကျော် ပြုလုပ်ခဲ့ကြောင်း စောင့်ကြည့် လေ့လာရေး အဖွဲ့၏ အစီရင်ခံစာ အရ သိရသည်။

လေကြောင်း တိုက်ခိုက်မှုများသည် အယ်ရက်ကာ မြို့တော်နှင့် ၎င်း၏ ဘေးပတ်ဝန်းကျင် များကို ပစ်မှတ် ထားခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အရ သိရသည်။

IS စစ်သွေးကြွ အသေအပျောက် မည်မျှ ရှိကြောင်း အစီရင်ခံစာ မထုတ်ပြန်သေးကြောင်း သိရသည်။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဋ္ဌာနမှ ပြင်သစ် တိုက်လေယာဉ်များသည် အယ်ရက်ကာ ကို ဦးတည်၍ မြောက်များစွာသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး IS တို့၏ အချက်အချာ ဖြစ်သည့် ကွပ်ကဲမှု စင်တာ နှင့် လေ့ကျင့်ရေး စခန်းတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ရုတ်တရက် တိုက်ခိုက်မှုတွင် အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် ဂျော်ဒန်မှ ဂျက်တိုက်လေယာဉ် ၁၀ စီးတို့ တစ်ပြိုင်နက်တည်း ပါဝင်ခဲ့ပြီး ဗုံး အလုံး ၂၀ ကြဲချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ လေကြောင်း စစ်ဆင်ရေးသည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပဲရစ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် ပြင်သစ်၏ လက်တုံ့ ပြန်ခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။ IS အဖွဲ့မှ သေနတ်သမားများနှင့် ဖောက်ခွဲရေး သမားများ သည် ပဲရစ်မြို့ရှိ စားသောက်ဆိုင်၊ ဖျော်ဖြေပွဲ ခန်းမ နှင့် ကစားရုံတို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၁၂၉ ဦး သေဆုံးခဲ့ကာ ရာနှင့် ချီ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)