Connect with us

Africa & Middle East

ယီမင်နိုင်ငံတွင် STC အသွင်ကူးပြောင်းရေးကောင်စီနှင့် အစိုးရတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား ၊ လူ ၁၅ ဦး သေဆုံး

ယီမင်နိုင်ငံ အေဒင်မြို့သို့ STC အသွင်ကူးပြောင်းရေးကောင်စီ၏ လက်နက်ကိုင် အင်အားစုများ ၀င်ရောက်စဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

ယီမင် STCအသွင်ကူးပြောင်းရေးကောင်စီ ၏ လက်နက်ကိုင် အင်အားစုများက ယီမင်နိုင်ငံတောင်ပိုင်း ရှဘ်ဝါ(Shabwa)ပြည်နယ်တွင် အစိုးရတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

STCအသွင်ကူးပြောင်းရေးကောင်စီ၏လက်နက်ကိုင် အင်အားစုများသည် ရှဘ်ဝါပြည်နယ် အယ်တက်ခ်(Attaq)မြို့ ရှိ အစိုးရတပ်အခြေစိုက်စခန်းများကို အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ယင်းစခန်းများကို ဝင်ရောက်စီးနင်းထိန်းချုပ်ရန် ကြိုးစားခဲ့ကြောင်း အမည်မဖော်လိုသူ ယီမင် လုံခြုံရေးဌာန အရာရှိတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

STCအသွင်ကူးပြောင်းရေးကောင်စီက ယင်းနေ့ စစ်ရေးလှုပ်ရှားမှုမှာ ရှဘ်ဝါပြည်နယ် လွတ်မြောက်ရန် အတွက်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် အယ်တက်ခ်မြို့ရှိ စစ်အခြေစိုက်

စခန်းအချို့ကို STCက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ရာ ၂ ဦးမှာ အရပ်သားများ ဖြစ်ကြောင်း ဒေသခံကျန်းမာရေးဌာနက ဆင်ဟွာကိုပြောကြားခဲ့သည်။

STCအသွင်ကူးပြောင်းရေးကောင်စီကို ၂၀၁၇ ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယီမင်သမ္မတ Hadiရာထူးမှဖြုတ်ချခဲ့သည့် အေဒင်ပြည်နယ် ပြည်နယ်မှူး al-Zoubaidiနှင့် တောင်ပိုင်းအဖွဲ့ ၂၆ဖွဲ့လူပုဂ္ဂိုလ်များ၊ စစ်ခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် Hadiကို ထောက်ခံသည့် အစိုးရတပ်နှင့် လက်နက်ကိုင်အဖွဲ့များက ဆော်ဒီအာရေဗျစသည့် နိုင်ငံစုံ ညွှန်ပေါင်း တပ်ဖွဲ့၏အကူအညီဖြင့် အေဒင်(Aden)ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။(Xinhua)