Connect with us

Asia

ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု ဆက်တိုက် တွေ့ရှိရ

ဂျပန်နိုင်ငံ တိုကျိုမြို့၏မြင်ကွင်းတစ်နေရာအား အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (Xinhua/Du Xiaoyi)

တိုကျို၊နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံ Kagawa စီရင်စုရှိ ကြက်မွေးမြူရေးခြံနောက်ထပ်တစ်ခုတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၈,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းလိုက်ရကြောင်း Kagawa စီရင်စုက နိုဝင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Kagawa စီရင်စု Higashikagawaမြို့ ကြက်မွေးမြူရေးခြံတစ်ခုတွင် ကြက်အကောင်ပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၇ ရက်က အစီရင်ခံခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင် H5အမျိုးအစား ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်သည်ဟု စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ Kagawa စီရင်စုက အဆိုပါမွေးမြူရေးခြံရှိ ကြက်ကောင်ရေ ၄၈,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ခဲ့ပြီး အနီးဝန်းကျင်ပတ်လည် ၃ ကီလိုမီတာခန့်ကို သွားလာမှုကန့်သတ်နယ်မြေအဖြစ်ထားကာ ယင်းနယ်မြေအတွင်းရှိ မွေးမြူရေးကြက်နှင့်ကြက်ဥစသည့်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားကြောင်း သိရသည်။

Kagawa စီရင်စု Mitoyoမြို့တွင် H5အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိရသောကြောင်း နိုဝင်ဘာ ၅ ရက်က အကြောင်းကြားခဲ့ပြီး မွေးမြူရေးခြံရှိ ကြက်ကောင်ရေ ၃၃၀,၀၀၀ ကို သုတ်သင်ရှင်းရာတွင် ကူညီပေးရန် ဒေသခံအစိုးရက ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်အား အကူအညီတောင်းခဲ့ကြောင်း သိရသည်။ ၎င်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း ဂျပန်နိုင်ငံတွင် ကြက်မွေးမြူရေးခြံအတွင်း ပထမဆုံး ကြက်ငှက်တုပ်ကွေးဖြစ်ပွားခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက သက်ဆိုင်ရာဌာနများအား ရောဂါကြိုတင်ကာကွယ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် အချက်အလက်များစုဆောင်းရန် ညွှန်ကြားထားကြောင်း သိရသည်။

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းရှိ တောငှက်မစင်တွင် H5N8 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ့ရှိရကြောင်း ဂျပန် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။ ၎င်းမှာ ၂ နှစ်ခွဲကြာကာလနောက်ပိုင်း ဂျပန်နိုင်ငံ၌ ပထမဆုံး တွေ့ရှိရသည့် ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.