Connect with us

Asia

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ တရုတ်-အာဆီယံ ကုန်သွယ်ရေး တတိယသုံးလပတ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးစီရင်စု၊ ရှီးရှီမြို့တွင် အောက်တိုဘာ ၂၀ ရက်က ကျင်းပသော ၆ ကြိမ်မြောက် တရုတ် (ချွမ်ကျိုး) ပင်လယ်ရေကြောင်း ပိုးလမ်းမ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ပြပွဲသို့ လာရောက်လေ့လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့ကြား ကုန်သွယ်ရေးသည် ယခုနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၈၁ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှု၏ ခုနစ်ပုံတစ်ပုံရှိကာ နှစ်ဘက်ကုန်သွယ်မှုမှာလည်း တတိယသုံးလပတ်၌ ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Deng Xijun က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

“ဒုတိယသုံးလပတ်မှာ ၅ ဒသမ ၆ ရာခိုင်နှုန်း၊ တတိယသုံးလပတ်မှာ ၇.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နဲ့ အခြား ကုန်သွယ်ဖက်နိုင်ငံတွေကြား ပိုမိုမြန်ဆန်လာပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးမူဝါဒအသိုက်အဝန်း (FPCI) မှ စီစဉ်ကျင်းပသော “COVID-19 ကြားမှ ဒေသတွင်း စီးပွားရေး ပြန်လည်နာလန်ထူမှု တွန်းအားပေးခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသော တတိယအကြိမ်မြောက် ဂျကာတာဖိုရမ်တွင် သံအမတ်ကြီးက ပြောခဲ့သည်။ အာဆီယံသည် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာခဲ့ပြီး တရုတ် နိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၁၄ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ak Lak ပြည်နယ် Buon Ma Thuot မြို့တွင် နဂါးမောက်သီးများ  ထုပ်ပိုးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ကုန်သွယ်ရေးသည် တတိယသုံးလပတ်တွင် ၂၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Deng က အွန်လိုင်းဖိုရမ်တွင် ပြောခဲ့သည်။ ယခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး ၇၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ “ဒီကိန်းဂဏန်းတွေက တရုတ်-အာဆီယံ စီးပွားရေးဆက်ဆံမှု အခိုင်အမာကြံ့ကြံ့ခံနိုင်ပြီး ပြည့်ဝတဲ့အလားအလာတွေရှိတယ်ဆိုတာကို ထင်ရှားစေပါတယ်” ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Davao မြို့တွင် အုန်းသီးများ သေတ္တာအတွင်း ထုပ်ပိုးထည့်သွင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် လုပ်ငန်းနှင့် ထုတ်လုပ်မှု ပြန်လည်စတင်ရန် မြှင့်တင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများနှင့်အတူ ဝန်ထမ်းရေးရာနှင့် ပြည်သူများ လှုပ်ရှားမှု လွယ်ကူချောမွေ့စေရန် “အမြန်လမ်း” နှင့် “အစိမ်းရောင်လမ်း” များ ထူထောင်ထားခဲ့ကာ ဒေသတွင်း ကွန်ရက်အတွင်းသို့ လမ်းများ ချိတ်ဆက်ခဲ့သလို အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ အမြောက်ပိုင်းရှိ တရုတ်-လာအိုရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်တွင် စီမံကိန်းများကို ပိုမိုနီးကပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း Deng က အလေးထားပြောခဲ့သည်။ နှစ်ဘက်လုံးအနေဖြင့် အရည်အသွေးမြင့်မားသော BRI စီမံကိန်းများ ရှေ့ဆက်ဖော်ဆောင်လျက်ရှိသလို ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကို ကျော်လွှားခြင်းဖြင့် BRI နှင့် ၂၀၂၅ ခုနှစ် အာဆီယံ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ မဟာစီမံကိန်း (MPAC) တို့ကြား ညှိနှိုင်းဆောင်ရွက်မှုရလဒ် ပိုမိုဖန်တီးလျက်ရှိကြောင်း သိရသည်။
“ဒီလိုပူးတွဲကြိုးပမ်းမှုတွေက ဒေသတွင်း စီးပွားရေးပြန်လည်နာလန်ထူဖို့ အထောက်အကူဖြစ်စေပါတယ်” Deng က ပြောခဲ့သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် BRI စီမံကိန်းအောက်ရှိစီမံကိန်းများဖြစ်သော တရုတ်-လာအိုရထားလမ်း၊ အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထာလမ်းနှင့် ကမ္ဘောဒီယားနိုင်ငံရှိ ဖနွမ်းပင်- Sihanoukville အဝေးပြေးလမ်းစီမံကိန်းများသည်လည်း တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တရုတ်-ထိုင်း ရထားလမ်းနှင့် မလေးရှားနိုင်ငံ၏ အရှေ့ကမ်းရိုးတန်းရထားလမ်း ချိတ်ဆက်မှု အပါအဝင် အဓိကစီမံကိန်းကြီးများ အရှိန်မြှင့်တင်လျက်ရှိပြီး အရေးပါသော သဘောတူညီချက်များလည်း ရရှိထားကြောင်း သိရသည်။

လာမည့်နှစ်သည် အာဆီယံ- တရုတ် ဆွေးနွေးမှုဆက်ဆံရေး နှစ် ၃၀ ပြည့် နှစ်ပတ်လည် ပြည့်မြောက်မည်ဖြစ်သည်။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် ဒေသဆိုင်ရာစီးပွားရေး ပြန်လည်နာလန်ထူမှုများတွင် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အာဆီယံ ဆက်ဆံရေးကို ပို၍မြင့်မားသောအဆင့်တစ်ရပ်သို့ ကဏ္ဍသစ်ဖွင့်လှစ်ပေးသွားမည်ဟု ယုံကြည်ကြောင်း အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Deng ပြောကြားခဲ့သည်။
“သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်ပါက အကျပ်အတည်းတွေက တရုတ်နိုင်ငံနဲ့ အာဆီယံကို ဘယ်သောအခါမျှ ဝေးကွာစေခြင်းမရှိခဲ့ပါဘူး။ အာရှငွေကြေးအကျပ်အတည်း၊ နိုင်ငံတကာငွေကြေး အကျပ်အတည်း၊ ဆားစ်ရောဂါ (SARS) နဲ့ ကြက်ငှက်တုပ်ကွေးရောဂါ (H5N1 influenza) စတာတွေပေါ့။ သို့သော်လည်း တရုတ်နိုင်ငံနှင့် အာဆီယံတို့ဟာ ခေတ်ကာလ၏ စမ်းသပ်မှုတိုင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သလို ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကလည်း ပိုမိုနီးကပ်လာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ပိုပြီးတော့ ခိုင်မာလာခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.