Asia
စိန့်ပီတာဘာ့ခ် မြေအောက်ရထား ဘူတာရုံ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ရထားလမ်း တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်

စိန့်ပီတာဘာ့ခ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
ဧပြီလ ၃ ရက်က အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် စပိန်နိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ မြေအောက်ရထား လုပ်ငန်းများအား တစ်စိတ်တစ်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
Sennaya Ploschad နှင့် Technologichesky Institute စသည့် ဘူတာရုံ နှစ်ခုအား ပိတ်ထားဆဲ ဖြစ်ကြောင်း မီဒီယာများက သတင်းတင်ပြထားသည်။
အဆိုပါ ပေါက်ကွဲမှုကို ပြစ်မှုဆိုင်ရာ မှုခင်းအဖြစ် ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ (IC) က ဖွင့်ထားကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမည်မသိ ဖောက်ခွဲရေး ပစ္စည်းကြောင့် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ စိန့်ပီတာဘာ့ခ်ရှိ Technologichesky Institute နှင့် Sennaya Ploschad (Square) ဘူတာရုံအကြား လမ်းပိုင်းတွင် ဒေသစံတော်ချိန် နေ့လည် ၂း၄၀ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သတင်း ထုတ်ပြန်ချက်အရ စုံစမ်းစစ်ဆေးမှု ကော်မရှင် ဗဟိုရုံးမှ အတွေ့အကြုံရှိ စုံစမ်းစစ်ဆေးရေးသမားများ နှင့် ပြစ်မှုဗေဒပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား စိန့်ပီတာဘာ့ခ်သို့ စေလွှတ်ထားကြောင်း၊ ကနဦး လုပ်ဆောင်ချက်များအား လုပ်ဆောင်ဆဲ ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ကလည်း ရုရှား ဥပဒေအဖွဲ့များအား ပေါက်ကွဲမှုများ ဖြစ်ပွားရခြင်း အကြောင်းရင်း အခြေအနေများအား သေချာ စုံစမ်းရန်နှင့် အကြမ်းဖက်မှု အပါအဝင် ဖြစ်နိုင်ခြေများ အားလုံးကို ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)