Connect with us

Asia

ပါကစ္စတန်၌ စက်လှေတိမ်းမှောက်မှုဖြစ်ပွား ၄ ဦးသေ ၊ ၁၆ ဦးပျောက်ဆုံးလျက်ရှိ

ပါကစ္စတန်နိုင်ငံရှိ မြစ်ကြောင်းတစ်ခုတွင် နစ်မြုပ်သွားသော စက်လှေတစ်စင်းအား ကယ်ဆယ်ရေးအဖွဲ့ က သွားရောက် ကယ်ဆယ်နေစဉ် (ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Naushahro Feroze ခရိုင်၌ ယနေ့(ဧပြီလ ၃ ရက် ) မနက်ပိုင်းတွင် စက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ လှေပေါ်လိုက်ပါသွားသူ အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၆ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသတွင်း Urdu သတင်းဌာနကရေးသားဖော်ပြသည်။

အလုပ်သမားများကိုတင်ဆောင်လာသော စက်လှေသည် Indus မြစ်အတွင်း ခုတ်မောင်းလာစဉ် ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် Keti Bagian ဒေသတွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ARY သတင်းအရ သိရသည်။၎င်းအလုပ်သမားများသည် ဂျုံရိတ်သိမ်းရန်အတွက် စိုက်ခင်းသို့သွားရောက်ကြသူများဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များက မြစ်ကြောင်းတစ်လျှောက် အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ပျောက်ဆုံးလျက်ရှိသော လူပေါင်း ၁၆ ဦး ကို ဆက်လက်ရှာဖွေလျက်ရှိသည်။

စက်လှေတိမ်းမှောက်ရခြင်းအကြောင်းအရာကို မသိရှိရသေးကြောင်း နှင့် ယခုဖြစ်စဉ်သည် ၂ဝ၁၇ ခုနှစ်အတွင်း Indus မြစ်၌ ဒုတိယအကြိမ် စက်လှေတိမ်းမှောက်မှုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ အစောပိုင်းက ဘုရားဖူးများလိုက်ပါလာသည့် စက်လှေတစ်စင်းသည် မြစ်အတွင်း တိမ်းမှောက်သွားရာ လူပေါင်း ၇ ဦးသေဆုံးခဲ့ရသည်။ လမ်းခရီးအခက်အခဲများ နှင့် ဆက်သွယ်ရေးစနစ်များ ညံ့ဖျင်းမှုကြောင့် Indus မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများသည် သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းခရီးကိုသာ အသုံးပြုနေရကြောင်း သိရသည်။(Xinhua)