Asia
ပါဆယ် ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား ပရော်ဖက်ဆာ တစ်ဦး ဒဏ်ရာရရှိ
ဆိုးလ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံတွင် ဇွန်လ ၁၃ ရက် အစောပိုင်းက ပရော်ဖက်ဆာ တစ်ဦး၏ ရုံးခန်းသို့ ပို့ဆောင်လာသည့် အကြမ်းဖက်လုပ်ရပ်ဟု သံသယရှိသော ပါဆယ် တစ်ခု ပေါက်ကွဲရာမှ ပရော်ဖက်ဆာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ ယွန်ဟပ် သတင်းအေးဂျင်စီက ဖော်ပြထားသည်။
အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၈း၄၀ နာရီ၌ ဆိုးလ်မြို့ အနောက်ဘက် Yonsei တက္ကသိုလ် အင်ဂျင်နီယာဋ္ဌာနရှိ ကင်မ် အမည်ရှိသော ပရော်ဖက်ဆာ၏ ရုံးခန်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကင်မ်အား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်း၏ လည်ပင်း၊ ရင်ဘတ်နှင့် လက်များပေါ်တွင် ရှိနေသည့် ဒဏ်ရာငယ်များအား ဆက်လက် ကုသနေကြောင်း သိရသည်။
အဆိုပါ ပရော်ဖက်ဆာက ရဲများကို ပြောပြရာတွင် ၎င်း၏ ရုံးခန်း တံခါး လက်ကိုင်တွင် ချိတ်ဆွဲထားသည့် ဈေးဝယ်အိတ်အတွင်းရှိ သေတ္တာ တစ်ခုအား ဖွင့်ရာမှာ ရုတ်တရက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန်အတွက် လက်နက်ကိုင် အထူးစစ်ဆင်ရေး တပ်ဖွဲ့အား ရဲတပ်ဖွဲ့က စေလွှတ်ထားခဲ့ကြောင်း သိရသည်။
ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ဖောက်ခွဲရေး ပစ္စည်းမှာ ဖြစ်ကတတ်ဆန်း လုပ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းသည် အကြမ်းဖက် တိုက်ခိုက်ခြင်းလော၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်လော ဆိုသည်ကိုမူ စုံစမ်းစစ်ဆေးမည်ဟု ဆိုသည်။ (Xinhua)