Connect with us

Asia

စင်ကာပူ၌ ပထမဆုံးအမျိုးသမီးအကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း

စင်ကာပူနိုင်ငံ၌ အကြမ်းဖက်အဖွဲ့ နှင့်ဆက်နွယ်မှုရှိသည့် Syaikhah Izzah Zahrah Al Ansari အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ အကြမ်းဖက်ဝါဒီ စင်ကာပူနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စင်ကာပူနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဇွန်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Syaikhah Izzah Zahrah Al Ansari အမည်ရသော အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးသည် မူကြိုကျောင်းတစ်ခုတွင် လက်ထောက်ဆရာမတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ၊ ၎င်းသည် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ အွန်လိုင်းပေါ်တွင် ဝါဒဖြန့်ချိရေးလုပ်နေသည့် အိုင်အက်စ်(IS) အဖွဲ့နှင့်ချိတ်ဆက်မိခဲ့ကြောင်း ဖော်ပြထားသည်။

Izzah သည် အိုင်အက်စ်တို့နှင့် ဆက်သွယ်ရန် ၎င်း၏ ရင်သွေးငယ် နှင့်အတူ ဆီးရီးယားနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ခဲ့ကြောင်း ၊ Salafi သို့မဟုတ် IS ထောက်ခံသူတစ်ဦး နှင့် လက်ထပ်ပြီး ယင်း၏ကလေးငယ်နှင့်အတူ ဆီးရီးယားနိုင်ငံတွင် အခြေချရန် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်သွေးကြွသင်တန်းတက်ရောက်ရန် နှင့် အကယ်၍ အိုင်အက်စ်တို့ခေါ်ပါက လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် Izzahသည် ၂ဝ၁၅ခုနှစ်ကတည်း အွန်လိုင်းမှတဆင့် အကြမ်းဖက် ဝါဒဖြန့်မှုများပြုလုပ်ခဲ့သည်ကို ၎င်း၏ မိဘနှစ်ပါး နှင့် ညီမ ဖြစ်သူက သိရှိခဲ့ကြောင်း ၊ သို့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များသို့အသိပေးရန် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။ မိဘများက Izzah အား ၎င်းတို့နည်းလမ်းဖြင့် ဖျောင်းဖျရန် ကြိုးစားခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

စင်ကာပူနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက စင်ကာပူနိုင်ငံသားများအား တစ်စုံတစ်ယောက်သည် အကြမ်းဖက်အဖွဲ့အစည်းနှင့်ဆက်သွယ်ကြောင်း တွေ့ရှိပါက တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး အရေးပေါ်ဖုန်းလိုင်းသို့ဆက်သွယ်အကြောင်းကြားရန် အသိပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.