Asia
မြောက်ကိုရီးယား က အလယ်အလတ် နှင့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကြေညာ
ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ (DPRK) က မြေပြင်မှမြေပြင်ပစ် တာလတ် နှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးကျည် Pukguksong-2 အား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း နှင့် ၎င်းတို့၏ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လမ်းညွှန်ပြသခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ရက်တွင် နိုင်ငံပိုင်သတင်းဋ္ဌာန KCNA ကဖော်ပြခဲ့သည်။
နိုင်ငံပိုင် သတင်းဋ္ဌာနက Pukguksong-2 တိုက်ချင်းပစ်ဒုံးကျည် အား “ကိုရီးယားစတိုင်နည်းဗျူဟာသစ် လက်နက်” အဖြစ် တင်စားခေါ်ဝေါ်ခဲ့ပြီး ၂၀၁၆ခုနှစ် သြဂုတ်လတွင် ရေငုပ်သင်္ဘောမှပစ်လွှတ်သော တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အား အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းကို အခြေခံ၍ ခေါင်းဆောင် ကင်ဂျုံအန်း၏ ညွှန်ကြားချက်များဖြင့် ယင်းဒုံးကျည်အား ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကင်သည် ယင်းတိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်ခြင်းဆိုင်ရာ အစီရင်ခံစာများကို ဖတ်ရှုခြင်း၊ စမ်းသပ်ပစ်လွှတ်ရန် နေ့ရက် သတ်မှတ်ပေးခြင်း နှင့် စမ်းသပ်ပစ်လွှတ်မည့် နေရာတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာ၌ လမ်းညွှန်ချက်ချမှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။ (Xinhua)