Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ဖြစ်ပွားသော ခရီးသည်တင်သင်္ဘောမီးလောင်မှုတွင် လူ ၄ ဦး သေဆုံးပြီး ၅၄ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ဖြစ်ပွားသော ခရီးသည်တင်သင်္ဘောမီးလောင်မှုတွင် ကယ်ဆယ်ထားသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျာကာတာ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

ခရီးသည် ၂၇၇ ဦးတင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် သြဂုတ် ၂၂ ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် အနီးပင်လယ်ပြင်တွင် မီးလောင်မှုဖြစ်ပွားရာ လူ ၄ ဦး သေဆုံးပြီး ၅၄ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက သြဂုတ် ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် အရှေ့ဂျာဗား(East Java)ပြည်နယ် ဆူရာဘာရာ(Surabaya)မြို့မှ အရှေ့ကာကန်လီမန်တန်(East Kalimantan) ပြည်နယ် ဘာလစ်ပါပန်(Balikpapan)မြို့သို့ မောင်းနှင်ခြင်းဖြစ်ကြောင်း ၊သြဂုတ် ၂၂ ရက် ညပိုင်းက အရှေ့ဂျာဗားပြည်နယ် ဆူမန်နပ်(Sumenep)အနီးပင်လယ်ပြင်သို့အရောက်တွင် ရုတ်တရက်မီးလောင်မှုဖြစ်ပွားရာ ခရီးသည် များက သင်္ဘောပေါ်မှ ခုန်ဆင်း ထွက်ပြေးခဲ့ကြကြောင်း ယင်းပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ အရာရှိတစ်ဦးက ဆင်ဟွာကို ဖုန်းဖြင့်ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ၊ အမျိုးသားကယ်ဆယ်ရေးဌာန၊ ဒေသခံ ရဲတပ်ဖွဲ့နှင့်အခြားစေတနာ့ဝန်ထမ်းများ အဖွဲ့ဖွဲ့ကာ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေဆဲဖြစ်သော်လည်း ရာသီဥတုအခြေအနေဆိုးဝါးသောကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အခက်တွေ့လျက် ရှိကြောင်း ၎င်းအရာရှိက ဆိုသည်။ သြဂုတ် ၂၃ ရက် ညပိုင်းအထိ ခရီးသည် ၂၁၉ ဦးကို ကယ်ဆယ် ပြီးဖြစ်ကြောင်းနှင့်သေဆုံးသူတစ်ဦး၏ အချက်အလက်များကို ရဲဘက်ဆိုင်ရာက အတည်ပြုပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အချင်းဖြစ်သင်္ဘောမီးငြိမ်းသွားပြီဖြစ်ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက သင်္ဘော၏ လက်ကျန်အပိုင်းအစများကို အနီးဆုံးပင်လယ်ကမ်းခြေသို့ သယ်ဆောင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

မီးသည် သင်္ဘောအမြီးပိုင်းမှ စတင်လောင်ကျွမ်းပြီး သင်္ဘောကိုယ်ပိုင်းနှင့်ဝမ်းဗိုက်သို့ ကူးစက် လောင်ကျွမ်းခဲ့ကြောင်း အချင်းဖြစ်ပွားမှုတွင်ပါဝင်သူခဲ့တစ်ဦး ပြောကြားချက်အရသိရသည်။

အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်းသည့် အသေးစိတ်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းစုနိုင်ငံဖြစ်ရာ အများပြည်သူက ရေယာဉ်များသင်္ဘောကို အဓိကအားထား သွားလာနေရသည်။ ယခုလ ၁၇ ရက်ကလည်း ခရီးသည်တင်သင်္ဘောတစ်စီး အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း ဆူလာဝေဆီ(Sulawesi)ပြည်နယ် အနီးပင်လယ်ပြင်တွင် မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)