Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၉ ဦးသေဆုံး၊ အိမ်ထောင်စု ၉၀,၀၀၀ ကျော် ရေဘေးသင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနေသည့် လမ်းပေါ်တွင် မော်တော်ယာဉ်များသွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆိုးဝါးသည့် ရေကြီးရေလျှံမှုကြောင့် လူ ၉ ဦးသေဆုံးကာ အခြားလူတစ်ဦးပျောက်ဆုံးနေပြီး အိမ်ထောင်စုပေါင်း ၉၁,၆၈၆ စု ရေဘေးဒဏ်ခံစားခဲ့ရကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က ဒီဇင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။

ထိုင်းတော်ဝင်စစ်တပ် အမှုထမ်းများက ပြည်နယ် ၇ ခုရှိ ရေကြီးမှုဒဏ်ခံခဲ့ရသူများကို ပိုမြင့်မားသောအရပ်ဆီသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြသည်။

ဆူရတ်ဌာနီ၊ နာခွန်စီသမ်မရတ်၊ ဖတ်သာလွန်၊ ထရန်၊ ဆုန်ခလာ၊ ဖတ်တာနီနှင့် နာရာသီဝတ် စသည့်ပြည်နယ်များ ပါဝင်ပြီး အားလုံးမှာ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် တည်ရှိကြောင်း DDPM အဆိုအရ သိရသည်။

DDPM နှင့် ဒေသဆိုင်ရာအစိုးရများသည် လူနေထိုင်ရာနေရာများရှိ ရေများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများကို သုံးရက်ကြာ အကူအညီပစ္စည်းများ ပေးဝေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ၊ လူနေမှုဘဝများ၊ နေအိမ်အဆောက်အအုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။

ဆိုးရွားလှသောရေကြီးရေလျှံမှုအခြေအနေသည် ထိုင်းနိုင်ငံ ပြည်နယ် ၃၅ ခု တွင် အောက်တိုဘာ ၇ ရက်ကတည်းက ဖြစ်ပွားခဲ့သော လေဖိအားနည်းရပ်ဝန်းများမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံပိုင် မီးရထားလုပ်ငန်းကလည်း အထူးသဖြင့် ရေလွှမ်းမိုးနေသည့်နေရာများတစ်လျှောက် ရေကြီးမှုလျော့ကျသည့်တိုင် ရထားပြေးဆွဲမှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)