Connect with us

Asia

ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ် ဒူဘိုင်းသို့ ထွက်ပြေးဟု မီဒီယာကဆို

၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရားရုံးသို့ လာရောက်ခဲ့သည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ်က ထောက်ခံသူများအား နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် ဒူဘိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း အမေရိကန် သတင်းချန်နယ် CNN က သြဂုတ်လ ၂၅ ရက်တွင် သတင်းတင်ပြထားသည်။

ယင်လပ်သည် ၎င်း၏ တာဝန်ယူခဲ့စဉ်က ဆန်စပါး အလွဲသုံးစားပြုခဲ့သည့်အမှုအတွက် ထိုင်း တရားရုံးက အမိန့် မချမှတ်မီ နှစ်ရက်အလိုကတည်းက ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်လပ်၏ Pheu Thai ပါတီမှ ခိုင်မာသော သတင်းရင်းမြစ်၏ သြဂုတ်လ ၂၅ ရက်က ပြောကြားချက်အား ကိုးကား၍ CNN က ဖော်ပြထားသည်။

ယင်လပ်သည် သြဂုတ်လ ၂၃ ရက်ကတည်းက ၎င်း၏ ၁၅ နှစ်အရွယ် သားဖြစ်သူနှင့်အတူ စင်ကာပူမှ တစ်ဆင့် ဒူဘိုင်းသို့ တိုက်ရိုက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သို့သော် ယူအေအီးမှ တာဝန်ရှိသူ တစ်ဦး သို့မဟုတ် ယူအေအီး နိုင်ငံပိုင် မီဒီယာမှ တရားဝင် မှတ်ချက်ပြုထားခြင်း မရှိသေးပေ။

ယခင်ကလည်း ယူအေအီးတွင် နိုင်ငံရေးသမားများစွာသည် ဒုက္ခသည်အဖြစ် ခံယူရန် သွားရောက်သည့် နိုင်ငံ တစ်ခုဖြစ်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင်လည်း အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ကြောင့် ဆက်ဒမ်ဟူစိန် လက်အောက်ခံ အီရတ် အစိုးရအဖွဲ့အား ဖြုတ်ချပြီးနောက် “Baghdad Bob” သို့မဟုတ် “Comical Ali” ဟု လူသိများသော ပြန်ကြားရေးဝန်ကြီးဟောင်း မူဟာမက် အယ်လ်-ရှာဟတ်ဖ်သည်လည်း ယူအေအီး မြို့တော် အဘူဒါဘီသို့ ထွက်ပြေးသွားခဲ့သည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုသည်လည်း ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် မိသားစုနှင့်အတူ နိုင်ငံအတွင်းသို့ ပြန်မလာမီအထိ ဒူဘိုင်း၌ နေထိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.