Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၁ ဦးထိရှိလာ

ဖိလစ်ပိုင်နိုင်ငံ၌ ကမ်မူရီတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်စဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ဒီဇင်ဘာ ၂ ရက်မှစတင်ကာ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ရပြီးဖြစ်ကြောင်း ၊ မုန်တိုင်းလမ်းကြောင်းတစ်လျှောက် ဖိလစ်ပိုင်နိုင်ငံ Luzonကျွန်းတောင်ပိုင်းပြည်နယ်များ ၊ နိုင်ငံအလယ်ပိုင်း Samar ပြည်နယ် တို့တွင် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ (Kammuri)သည် အင်အားအလွန်ပြင်းထန်သော မုတ်သုံမုန်တိုင်းအဖြစ်မှ ယနေ့ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အားလျော့လာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံလေထု၊ ပထဝီမြေပြင်နှင့်မိုးလေဝသဗျူရို(PAGASA) ၏ခန့်မှန်းချက်အရ သိရသည်။

ဒေသစံတော်ချိန် ယနေ့နံနက် ၄ နာရီတွင် ထုတ်ပြန်သော PAGASA ၏ ကြေညာချက်၌ ကမ်မူရီသည် တောင်တရုတ်ပင်လယ်ကို ဦးတည်၍ လေတိုက်နှုန်း တစ်နာရီ ၂၀ ကီလိုမီတာဖြင့် အနောက်မြောက်အရပ်သို့ ဆက်လက်ရွှေ့လျားနေကြောင်း ဖော်ပြထားသည်။

ကမ်မူရီမုန်တိုင်းသည် Batangas ပြည်နယ် Ambulong မြို့အနောက်ဘက်တွင် လေတိုက်နှုန်း တစ်နာရီ ၁၀၀ ကီလိုမီတာမှ ၁၂၅ ကီလိုမီတာအထိ မြင့်တက်ပြီး မုန်တိုင်းဗဟိုချက်နေရာတွင် လေတိုက်နှုန်းတစ်နာရီ ၂၅၅ ကီလိုမီတာအထိ ရှိခဲ့ကြောင်း PAGASA က ဆိုသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့်သေဆုံးသူ ၁၁ ဦးထိရှိခဲ့ကြောင်း ယင်းတို့အနက် Camarines Sur ပြည်နယ်မှ သုံးဦး ၊ Sorsogon ပြည်နယ်မှ ၂ ဦး ၊ အရှေ့Mindoro ပြည်နယ်မှ ၄ ဦး ၊ Marinduque ပြည်နယ်မှ ၁ ဦး နှင့် Leyte ပြည်နယ်မှ ၁ ဦး အသီးသီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးရခြင်းအကြောင်းအရင်းများမှာ ဓာတ်လိုက်ခြင်း ၊ သစ်ပင်သစ်ကိုင်း ပိမိခြင်း နှင့် ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်းတို့ ဖြင့်ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲမှုကောင်စီ(NDRRMC) အမှုဆောင်ညွှန်ကြားရေးလည်းဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ricardo Jalad က Luzon အလယ်ပိုင်း ၊ Bicol ဒေသ ၊ အရှေ့ဖျား Visayas နှင့် အနောက်တောင်ပိုင်း Tagalog ဒေသများတွင် ကမ်မူရီမုန်တိုင်းဒဏ်သင့် ပြည်သူ ၅၀၀,၀၀၀ နီးပါးရှိကြောင်း ဆိုသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေကို NDRRMC က ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။ ၎င်းဒေသများတွင် ကမ်မူရီမုန်တိုင်းကြောင့် နေအိမ် ၃၈ လုံးပျက်စီးသွားကြောင်း ၊ နယ်မြေ ၈ ခုရေနစ်မြုပ်သွားကြောင်း နှင့် နယ်မြေပေါင်း ၂၀၃ ခုတွင် လျှပ်စစ်မီးပြတ်တောက်သွားကြောင်း Jalad က ပြောကြားခဲ့သည်။

“ လမ်းပိုင်း စုစုပေါင်း ၁၈ ခုနဲ့ တံတား ၃ စင်း ကမ်မူရီ ဒဏ်ခံလိုက်ရတယ်လို့ စာရင်းရပါတယ်၊ အဲဒီထဲက လမ်းပိုင်း ၁၂ ခုနဲ့ တံတား ၃ စင်းကတော့ အခုချိန်ထိ ဖြတ်သန်းသွားလာလို့မရသေးပါဘူး” ဟု Jalad က ဆိုသည်။

ပြည်တွင်းလေကြောင်း ခရီးစဉ် ၃၂၉ ခု နှင့် နိုင်ငံတကာလေကြောင်းခရီးစဉ် ၁၉၂ ခု ဖျက်သိမ်းခဲ့ရကြောင်း Ninoy Aquino နိုင်ငံတကာလေဆိပ်ကို လေဆိပ်အာဏာပိုင်များက ဒီဇင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ ည ၁၁ နာရီထိ ၁၂ နာရီကြာ ပိတ်ထားခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလမ်းခရီးသည် ၃,၃၃၀ ဦး ၊ ကုန်တင်သေတ္တာ ၇၈၉ ခု ၊ သင်္ဘော ၂၈ စင်း နှင့် ကူးတို့လှေ ၃၄ စင်းတို့ ခရီးစဉ်များကို  ရပ်နားထားရကြောင်း Jalad က ဆိုသည်။

မြို့ငယ်ပေါင်း ၈၆၅ မြို့ နှင့် မြို့ကြီးပေါင်း ၂၃၁ မြို့တွင် လုပ်ကိုင်နေကြာသည့် ဝန်ထမ်းနှင့်အလုပ်သမားများ ၎င်းတို့၏ အလုပ် ရပ်နားထားကြောင်း ဆိုသည်။ ကမ်မူရီသည် ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သော အလုံး၂၀ မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ကြောင်း သိရသည်။

ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းဒဏ် အလုံး ၂၀ ခန့် နှစ်စဉ်ခံရကြောင်း နှင့် ယင်းတို့အနက်အချို့မှာ အင်အားအလွန်ပြင်းထန်၍ အပျက်အစီးများဖြစ်ပေါ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မိုးတွင်းကာလအထူးသဖြင့် မုန်တိုင်းတိုက်ခတ်ချိန်တွင် မြေပြိုမှု နှင့် ရေကြီးမှုများ အမြဲလိုလို ကြုံတွေ့ခဲ့ရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ တိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း Haiyan ကြောင့် လူပေါင်း ၆,၃၀၀ သေဆုံးခဲ့ရသည်။ အဆိုပါ Haiyan မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ၄ဒသမ၇ ရာခိုင်နှုန်း (သို့မဟုတ်) ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁၂ဒသမ၉ ဘီလီယံ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ကမာ္ဘ့ဘဏ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.