Asia
ဗီယက်နမ်တွင် မင်္ဂလာဆောင်အလှပြယာဉ် နှင့် ကုန်တင်ကားတိုက်မိ၍ လူ ၁၃ဦးသေဆုံး

ဟနွိုင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Nam ပြည်နယ်၌ ဇူလိုင် ၃၀ ရက် အစောပိုင်းတွင် သတို့သားတစ်ဦး နှင့် ၎င်း၏ ဆွေမျိုးသားချင်းများလိုက်ပါလာသော မင်္ဂလာအလှပြယာဉ်တစ်စီး နှင့် ကုန်တင်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သတို့သားအပါအဝင် လူ ၁၀ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး အခြားလူ ၃ဦးမှာ ဆေးရုံ၌သေဆုံးသွားခဲ့ကြောင်း Quang Nam အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းအွန်လိုင်းသတင်း VnExpress ကဖော်ပြခဲ့သည်။
ယင်းမင်္ဂလာအလှပြယာဉ်သည် သတို့သား၏ မွေးရပ်မြေ ဖြစ်သော အလယ်ပိုင်း Quang Tri ပြည်နယ် မှ စုစုပေါင်း လူ ၁၇ဦးကို တင်ဆောင်လာပြီး အလယ်ပိုင်း Binh Dinh ပြည်နယ်ရှိ သတို့သမီးအား သွားရောက်ခေါ်ဆောင်ရန် မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)