Asia
ဗီယက်နမ်တွင် ရေကြီး မြေပြိုမှုများကြောင့် လူ ၃၇ ဦး သေဆုံး၊ ၄၀ ဦး ပျောက်ဆုံး

ဟနွိုင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် လွန်ခဲ့သည့် လေးရက်အတွင်း မိုးရွာသွန်းမှုကြောင့် ကြောက်မက်ဖွယ် ရေကြီး မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၃၇ ဦး သေဆုံးခဲ့ပြီး ၄၀ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေး ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဦးဆောင် ဗဟို ကော်မတီက အောက်တိုဘာလ ၁၁ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ရေကြီးမှုကြောင့် နေအိမ် ၁၆,၇၀၀ လုံး ရေလွှမ်းခံခဲ့ရပြီး လူ ၂၁ ဦး ဒဏ်ရာရကာ ရေနုတ်မြောင်း နှစ်ခု၊ ကောက်ပဲသီးနှံစိုက်ဧက ၃၉,၃၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း၊ ကျွဲနွား ၁၂၀၀ ကောင်နှင့် ကြက်ငှက် ၄၀,၀၀၀ ကောင် သေဆုံးကာ နိုင်ငံအတွင်းရှိ လမ်းများ တစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hoa Binh ပြည်နယ်တွင် လူ ၁၁ ဦး၊ အလယ်ပိုင်း Nghe An ပြည်နယ်နှင့် Thanh Hoa ပြည်နယ်တွင် ၈ ဦး၊ မြောက်ပိုင်း Sonla ပြည်နယ်တွင် ၅ ဦး၊ မြောက်ပိုင်း Yen Bai ပြည်နယ်တွင် ၄ ဦး မြို့တော် ဟနွိုင်းတွင် တစ်ဦး အပါအဝင် ၃၇ ဦး သေဆုံးခဲ့သည်။
ထို့ပြင် Son La, Yen Bai, Hoa Binh, Thanh Hoa နှင့် Quang Tri ပြည်နယ် များမှ လူ ၄၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ပထမ ကိုးလအတွင်း ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးကြောင့် လူသေဆုံးမှု သို့မဟုတ် ပျောက်ဆုံးမှု ၁၆၉ ဦး၊ ဒဏ်ရာရသူ ၂၃၂ ဦးရှိခဲ့ပြီး နေအိမ် ၂၃၆,၈၀၀ လုံးပျက်စီးကာ ကောက်ပဲသီးနှံဧက ၄၅,၄၀၀ ရေဖုံးလွှမ်းသွားခဲ့သည်။ ယင်း ဖြစ်ရပ်များကြောင့် ဆုံးရှုံးမှု တန်ဖိုး ဗီယက်နမ် ငွေ ဒေါင် ၂၁.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၅၂ သန်း) ကျော် ရှိခဲ့ကြောင်း အထွေထွေ စာရင်းစစ်ရုံးထံမှ သိရသည်။ (Xinhua)