Asia
ဘာလီကျွန်းတွင် ၆.၂ ပြင်းအားရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် မထုတ်ပြန်သေး

ဂျကာတာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ခရီးသွားဧည့်သည် အပန်းဖြေကြသည့် ဘာလီကျွန်း၌ ဇွန်လ ၉ ရက်က ပြင်းအား ၆.၂ ရစ်ချ်တာ စကေးရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက ပြောသည်။
ယင်း ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၁၁း၁၃ နာရီအချိန်တွင် ကလန်းကွန်းမြို့၏ အရှေ့တောင်ဘက် ၃၀၈ ကီလိုမီတာအကွာ ပင်လယ်ကြမ်းပြင်အောက် ၁၀ ကီလိုမီတာ၌ ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းမှာ အရာရှိက ဆင်ဟွာသို့ တယ်လီဖုန်းကတဆင့် ပြောသည်။
ငလျင်ပြင်းအားကို ယင်းကျွန်းပေါ်ရှိ Denpasar မြို့တွင် ပြင်းအားအဆင့် MMI (Modified Mercally Intensity) ၃ မှ ၄ အထိ ခံစားခဲ့ရပြီး Karang Kates တွင်မူ ၂ MMI ခံစားခဲ့ရကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် Pacific Ring of Fire ဟုခေါ်ဆိုသည့် ငလျင်ဇုန်အတွင်း ကျရောက်နေသောကြောင့် မကြာခဏ ငလျင်လှုပ်ခြင်းများ ဖြစ်လေ့ရှိသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ (Xinhua)