Connect with us

Asia

မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နှစ်နိုင်ငံနယ်စပ်အနီး စစ်မဲ့ဇုန်ဒေသတွင် တပ်ဖွဲ့ဝင်များ ချထားမည် မြောက်ကိုရီးယားနိုင်ငံပြော

မြောက်ကိုရီးယားနိုင်ငံ၌ ၂၀၁၇ ခုနှစ် ဧပြီ ၁၅ ရက်က ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် စစ်သမီးများ ပါဝင်ချီတက်နေစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယခင်-စစ်မဲ့ဇုန် (Kaesong စက်မှုဇုန်) နှင့် Kumgang တောင်တန်းဒေသများတွင် မကြာမီကာလအတွင်း တပ်ချထားမည်ဖြစ်ကြောင်း ယနေ့ ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပါတီ နှင့် အစိုးရအဖွဲ့မှ လုပ်ဆောင်ရန် စစ်ဘက်ဆိုင်ရာ အာမခံချက် စီစဉ်ဆောင်ရွက်မှုအပေါ် အသေးစိတ် စစ်ရေးအစီအစဉ်များအတွက် ဇွန် ၁၆ ရက်တွင် စစ်တပ်က ရှင်းလင်းသော ရပ်တည်ချက်ကို ရေးဆွဲတင်ပြခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ စစ်ရေးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ အမည်မဖော်လိုသူ စစ်တပ်အရာရှိတစ်ဦး၏ ထုတ်ပြန်ချက်တစ်စောင်ကို ကိုးကား၍ KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ စစ်ရေးဆိုင်ရာအသေးစိတ်အစီအစဉ်များကို မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ(WPK) ၏ ဗဟိုစစ်ကော်မရှင်က အတည်ပြုပေးရမည်ဖြစ်ပြီး ယင်းအစီအစဉ်ထဲတွင် တောင်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြောက်ကိုရီးယားနိုင်ငံ၏ Kumgang ခရီးသွားတောင်တန်းဒေသ နှင့် Kaesong စက်မှုဇုန်တွင် တပ်ချထားမည့် တပ်ရင်းတပ်ဖွဲ့အဆင့်အတန်း နှင့် လိုအပ်သော လက်နက်ခဲယမ်းမီးကျောက်များ အသေးစိတ်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့်  တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်မက်နယ်မြေ သဘောတူညီချက်တွင် ပါရှိသည့် စစ်မဲ့ဇုန်ဒေသမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ၊ ယင်းရှေ့တန်းစစ်မျက်နှာလုံခြုံရေးအတွက် ပိုမိုခိုင်မာတောင့်တင်းအောင် တစ်ဖန်ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် တိုက်ပွဲဝင်ရန်အတွက် နယ်စပ်မျဉ်းတစ်လျှောက် ရှေ့တန်းစစ်မျက်နှာတွင် အမြှောက်ကြီးများကို ချထားမည်ဖြစ်ကြောင်း နှင့် နယ်စပ်နှင့်ထိစပ်နေသော ဒေသများတွင် ပုံမှန်စစ်ရေးလေ့ကျင့်မှုအစီအစဉ်အားလုံးကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအား ဆန့်ကျင်သည့် ဝါဒဖြန့်ချိရေး စာရွက်များကျဲချရန် နေရာများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ စာရွက်ကျဲချသူများအား စစ်တပ်က ကာကွယ်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူ က ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ WPK အလုပ်သမားပါတီဗဟိုကော်မတီ၏ ပထမ ဒုတိယဌာနညွှန်ကြားရေးမှူး Kim Yo Jong က သတိပေးမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် Kaesong စက်မှုဇုန်အတွင်းဆောက်လုပ်ထားသည့် တောင်-မြောက် ပူးတွဲ ဆက်ဆံရေးရုံးကို အလုံးစုံဖျက်ဆီး ပစ်လိုက်ပြီဖြစ်ကြောင်း KCNA သတင်းဌာနက ဇွန် ၁၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းဖောက်ခွဲဖျက်ဆီးမှုသည် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးသွားခဲ့ကြသူများက နယ်စပ်ကို ဖြတ်၍ မြောက်ကိုရီးယားနိုင်ငံအား ဆန့်ကျင်ရေး စာရွက်များ ကျဲချခဲ့မှုအပေါ် မြောက်ကိုရီးယားနိုင်ငံဘက်က ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် သုံးရက်အကြာတွင် ယခုကဲ့သို့ နှစ်နိုင်ငံပူးတွဲဆက်ဆံရေးရုံးကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆက်ဆံရေးရုံးကို ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းရုံးသည် ၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် တို့အကြား ပထမဆုံးအကြိမ်ထိပ်သီးအစည်းအဝေးအတွင်း နှစ်ဖက်အကြားလက်မှတ်ရေးထိုးခဲ့သည့် ပန်မွန်ဂျုံးကြေညာချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.