Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ယခင်နှစ်အလားတူကာလထက် ၄၉ ရာခိုင်နှုန်း ကျဆင်း 

) ဖိလစ်ပိုင် နိုင်ငံ ဆေးရုံတစ်ရုံရှိ သွေးလွန်တုပ်ကွေး လူနာဆောင်တွင် ၂၀၁၉ ခုနှစ်က ဆေးကုသမှုခံယူနေသော လူနာကလေးငယ်တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) 

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ပထမငါးလတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်သည် ပြီးခဲ့သော ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၀ ရက်အထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၅၀,၁၆၉ ဦးရှိပြီး ၂၀၁၉ ခုနှစ် အလားတူကာလတွင် ရောဂါ ဖြစ်ပွားသူ ၉၂,၈၀၈ ဦး ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ယခုနှစ် ပထမ ငါးလအတွင်း သွေးလွန်တုတ်ကွေးဖြင့် သေဆုံးသူ ၁၇၃ ဦး ရှိပြီး  ၂၀၁၉ ခုနှစ်တွင် သေဆုံးသူ ၄၅၂ ဦးထိ စံချိန်တင်မြင့်မားခဲ့ကြောင်း ယင်းဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။သွေးလွန်တုပ်ကွေးရောဂါသည် ယခုနှစ် ပထမ ငါးလအတွင်း ကျဆင်းသွားခြင်းမှာ COVID-19 ကပ်ရောဂါအခြေအနေကြောင့် ပြည်သူများအကြား အသိနိုးကြားမှု တိုးတက်လာခြင်းကြောင့် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန လက်ထောက်ကျန်းမာရေးဝန်ကြီး Maria Rosario Vergeire က မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင် နိုင်ငံ ဆေးရုံတစ်ရုံရှိ သွေးလွန်တုပ်ကွေး လူနာဆောင်တွင် ၂၀၁၉ ခုနှစ်က ဆေးကုသမှုခံယူနေသော လူနာတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ကျန်းမာရေး ဦးစီးဌာန၏ ရောဂါကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး Napoleon Arevalo က နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် lockdown ပြုလုပ်ထားစဉ်အတွင်း ပတ်ဝန်းကျင်အား သန့်ရှင်းရေး ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ 

” community quarantine လုပ်ထားချိန်မှာ မိသားစုတွေအတွက် နေအိမ်တစ်ခုလုံးကို သန့်ရှင်းရေး လုပ်ဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်ပါတယ်။”ဟု ဆရာဝန် တစ်ဦး ဖြစ်သူ Arevalo က အဆိုပါ မီဒီယာ တွေ့ဆုံရှင်းလင်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။  

ဖိလစ်ပိုင် နိုင်ငံ ဆေးရုံတစ်ရုံရှိ သွေးလွန်တုပ်ကွေး လူနာဆောင် တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ

ခြင်နိုင်ဆေးဖျန်းရန် နှင့် ဝမ်းလျှောခြင်း ၊ အဖျားတက်ခြင်း ၊ ကိုယ်ခန္ဓာ နာကျင်ကိုက်ခဲခြင်း ၊ အော့အန်ခြင်း ၊ သွားဖုံးမှ သွေးထွက်ခြင်းကဲ့သို့သော သွေးလွန်တုပ်ကွေး လက္ခဏာများ ပေါ်ပေါက်ပါက ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။ 

ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများ အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၄၀၂,၆၉၄ ဦးရှိပြီး ၂၀၁၈ ခုနှစ် အလားတူကာလထက် ၉၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၊ သေဆုံးသူ အရေအတွက်မှာလည်း ၁,၅၀၂ ဦးမှ ၁,၇၀၅ ဦး အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်မှကူးစက်သော ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အပူပိုင်း နိုင်ငံများတွင် တွေ့ရှိရကြောင်း ၊  ရောဂါ ဖြစ်ပွားပါက အဆစ်နာခြင်း ၊ ပျို့အန်ခြင်း ၊ အော့အန်ခြင်း နှင့် အဖုအပိန့်များ ဖြစ်ပေါ်စေပြီး ပြင်းထန်သော လူနာများတွင် အသက်ရှူခဲယဉ်းခြင်း ၊ ခန္ဓာကိုယ်ပေါ် အကွက်များထခြင်း နှင့် ကိုယ်တွင်း အင်္ဂါများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါပိုးရှိသော ခြင်များသည်  ဌက်ပျောပင်များ နှင့် ပန်းပင်များ ၊ ရေပြည့်နေသော အလုံပိတ်ကန်များကဲ့သို့ ရေဝပ်သည့် နေရာတွင် မျိုးပွားနိုင်ပြီး ခြောက်သွေ့ရာသီတွင် ရေရှားပါးမှု နှင့် ရံဖန်ရံခါ မိုးရွာသွန်းပြီးနောက် မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါ အတွက် တိကျသော ကုသမှု မရှိသော်လည်း စောစီးစွာ သိရှိခြင်း နှင့် သင့်လျော်သော ကျန်းမာရေး ကုသစောင့်ရှောက်မှု ရရှိပါက သေဆုံးမှုနှုန်းကို ၁ ရာခိုင်နှုန်းအောက် လျော့နည်းသွားစေနိုင်ကြောင်း သိရသည်။ (Xinhua)