Asia
အင်ဒိုနီးရှားနိုင်ငံ တွင် လူကုန်ကူးခြင်း ခံရသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၁၁ ဦး ပြန်လည်ရောက်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ နှင့် တန်ဂျွန်ပီနန် တို့တွင် လူကုန်ကူးခြင်း ခံရသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၁၁ ဦးကို မြန်မာသံရုံး၊ ဂျကာတာမြို့၏ စီစဉ်ဆောင်ရွက်မှုအရ International Organization for Migration (IOM) မှစရိတ်ကျခံလျက် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ထိုင်းလေကြောင်းခရီးစဉ်အမှတ် TG 305 ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါမြန်မာရေလုပ်သားများသည် စက်တင်ဘာလ ၈ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး၊ တနင်္သာရီတိုင်း မှ ၅ ဦး၊ မွန်ပြည်နယ်မှ ၄ ဦး၊ မကွေးတိုင်းမှ ၁ ဦး နှင့် ဧရာဝတီတိုင်းမှ ၁ ဦးတို့ဖြစ်ပါသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာရေလုပ်သားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများမှကြိုဆိုပြီး လိုအပ်သည်များကိုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)