Asia
အရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်၊ ရုရှား သစ္စာပြု
Khabarovsk ၊ ရုရှား၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန် (Wang Yang) နှင့် ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Yury Trutnev တို့သည် စက်တင်ဘာလ ၈ ရက်က တွေ့ဆုံခဲ့ပြီး အရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် နှစ်နိုင်ငံ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ဝမ်းနှင့် Trutnev တို့သည် Khabarovsk မြို့တွင် တွေ့ဆုံကာ တရုတ် အရှေ့မြောက်ပိုင်း ဒေသများနှင့် ရုရှား၏ အရှေ့ဖျားနှင့် ဘေကယ်လ်ဒေသများအကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြီးနောက် ယခုလို သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုလို ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့က သဘောတူထားခဲ့သော သဘောတူညီမှုများအနက် တစ်ခု ဖြစ်ကြောင်း၊ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမြောက် ဦးတည်ချက် တစ်ခု ဖြစ်ကြောင်း ဝမ်က ပြောကြားလိုက်ပြီး တရုတ်နှင့် ရုရှားအကြား အရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်မှု၏ အောင်မြင်မှုများကိုလည်း ကြိုဆိုလိုက်သည်။
ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Trutnev ကလည်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက အရေးပါသော မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဝမ်းနှင့် Trutnev တို့သည် အချင်းချင်း ကွန်ရက် ချိတ်ဆက်မှု တိုးတက်ခြင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်မှုနှင့် စီမံကိန်းကြီးများ တည်ဆောက်မှု မြှင့်တင်ရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)