Connect with us

Asia

တရုတ်နှင့် ရုရှား ပူးတွဲ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရန်ပုံငွေ ထူထောင်

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန် (ယာ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်တို့ စက်တင်ဘာလ ၆ ရက်က ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗလာဒီဗိုစတော့၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ယွမ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၃ ဘီလီယံ) ပမာဏရှိသော ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်ရန်အတွက် တရုတ်က လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန် (Wang Yang) က စက်တင်ဘာလ ၇ ရက်က ပြောကြားလိုက်သည်။

ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ပမာဏ တိုးမြှင့်ရန်နှင့် ခေတ်သစ် ပိုးလမ်းမကြီး ဘဏ္ဍာရေး ရန်ပုံငွေ တရုတ်-ရုရှား ပူးတွဲအစီအစဉ်များ အကြံပြုရန် တရုတ်က အသင့်ရှိကြောင်း ရုရှားနိုင်ငံ အဓိက ပစိဖိတ် ဆိပ်ကမ်းမြို့ ဖြစ်သော ဗလာဒီဗိုစတော့တွင် ပြုလုပ်သည့် တတိယအကြိမ်မြောက် အရှေ့ စီးပွားရေး ဖိုရမ်နှင့် ပူးတွဲ ကျင်းပသော စီးပွားရေး ဆွေးနွေးပွဲ၌ ဝမ်းက ယခုလို မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တရုတ် စီးပွားရေး လုပ်ငန်းများအား ရုရှား၏ အရှေ့ဖျားဒေသတွင် ရင်းနှီးမြှုပ်နှံကြရန်နှင့် ကုန်ထုတ်လုပ်ရေး၊ အရင်းအမြစ်များ ရှာဖွေရေး၊ အခြေခံ အဆောက်အအုံ၊ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် တရုတ် အစိုးရက တိုက်တွန်းထားကြောင်း ဝမ်းက ဆိုသည်။

ကုန်သွယ်မှုများ ပိုမိုလွယ်ကူစေရေးအတွက် တရုတ်ဘက်က လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ရုရှား ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန် တရုတ် ကုမ္ပဏီများအား ပြောကြားထားကြောင်း၊ တရုတ် ကုမ္ပဏီများ၏ ဦးစားပေး မူဝါဒများနှင့် တရားဝင် အကျိုးစီးပွားများ စောင့်ရှောက်ရေးအတွက် ရုရှားဘက်ကလည်း အကောင်အထည်ဖော်ပေးမည်ဟု မျှော်လင့်ကြောင်း ဝမ်းက ပြောသည်။

ဒုတိယ ဝန်ကြီးချုပ် ဝမ်း၏ အဆိုအရ နှစ်နိုင်ငံသည် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ရှိပြီးဖြစ်သလို နှစ်နိုင်ငံ စီးပွားရေးများမှာလည်း လိုက်ဖက်လှကြောင်း၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အံဝင်ခွင်ကျ ဖြစ်လှကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ရုရှား၏ အရှေ့ဖျား ဖက်ဒရယ်ခရိုင်အတွက် အကြီးဆုံး သွင်းကုန် အရင်းအမြစ်နှင့် ဒုတိယ အကြီးဆုံး ပို့ကုန်နိုင်ငံ ဖြစ်ကြောင်း၊ ယင်း ဒေသတွင် တရုတ် လုပ်ငန်းများက စီမံကိန်း ၂၆ ခု ရင်းနှီးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.