Asia
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ပြင်းအား ၆.၂ ရှိသော ငလျင်လှုပ်ခတ်
နယူးဒေလီ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်များနှင့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ပြင်းအား ၆.၂ ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာန၏ အဆိုအရ ငလျင်သည် ဒေသစံတော်ချိန် နေ့လယ် ၁၂း၃၆ နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
“ငလျင်ဗဟိုချက်က အာဖဂန်နစ္စတန်-တာဂျစ်ကစ္စတန် နယ်စပ်ဒေသတည်ရှိရာ မြောက်လတ္တီကျု ၃၇.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၆၉.၆ ဒီဂရီဖြစ်ပါတယ်။ ငလျင်ရဲ့ အနက်ကတော့ ၁၉၀ ကီလိုမီတာဖြစ်ပါတယ်” ဟု အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာနမှ ထုတ်ပြန်သည့် သတင်း၌ ဖော်ပြထားသည်။
အဆိုပါ ငလျင်ဒဏ်အား နယူးဒေလီမြို့ ရာဂျက်စ်တန်နှင့် ပန်ဂျပ်ပြည်နယ်များ အပါအဝင် နိုင်ငံ မြောက်ပိုင်းရှိ ပြည်နယ်များစွာနှင့် ကက်ရှိမီးယားဒေသတစ်ခုလုံးက ခံစားခဲ့ရကြောင်း၊ Srinagar နှင့် Jammu မြို့များတွင် နေထိုင်သူများက နေအိမ်များနှင့် အဆောက်အဦများ အပြင်ဘက်သို့ ပြေးထွက်ခဲ့ကြပြီး လမ်းများပေါ် စုဝေးနေခဲ့ကြကြောင်း သိရသည်။
“ငလျင်လှုပ်တယ်လို့ သိလိုက်ကတည်းက ကျွန်တော် အိမ်ပြင်ကို ပြေးထွက်လာခဲ့တာ” ဟု Srinagar မြို့တွင် နေထိုင်သူ Afzal Ahmad က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ငလျင်ကြောင့် အခြား ပျက်စီးမှုများနှင့် လူသေဆုံးသည့် သတင်းများ မသိရှိရသေးဟု ဆိုသည်။
အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသသည် ငလျင်လှုပ်ခတ်နိုင်ခြေမြင့်မားသော ဇုန်အတွင်း တည်ရှိကြောင်း ဘူမိဗေဒပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua)