Asia
ဗီယက်နမ်နိုင်ငံ မြို့တော်၌ တိုင်ဖွန်းမုန်တိုင်း Mirinae တိုက်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ဟနွိုင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဇူလိုင်လ ၂၈ ရက် အစောပိုင်းက တိုင်ဖွန်းမုန်တိုင်း Mirinae တိုက်ခတ်မှု ကြောင့် လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ သေဆုံးသူ ၁ ဦး ရှိခဲ့ပြီး လူ ၅ ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ဟနွိုင်းမြို့တော် အထူး အဆင့်မြင့် ကွပ်ကဲရေးဋ္ဌာန အောက်ရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဦးစီးဋ္ဌာန က ပြောကြားခဲ့သည်။
ထိုသို့ သေဆုံး ဒဏ်ရာ ရရှိမှုသည် ဟနွိုင်းမြို့ ဖူရှုယန် ခရိုင်အတွင်းရှိ ဒန်ဗန်ဒန်၏ နေအိမ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒန်၏ နေအိမ် ဒုတိယထပ် ပြိုကျခဲ့ကာ မိသားစုဝင် ၁ ဦး သေဆုံးခဲ့သလို အခြား မိသားစုဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Ha Noi Moi (New Hanoi) အွန်လိုင်း သတင်းစာ၌ ဖော်ပြထားသည်။
ဇူလိုင်လ ၂၇ ရက် ညပိုင်းကတည်းက တိုက်ခတ်ခဲ့သည့် အဆိုပါ မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မြေပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။ ယင်း မုန်တိုင်းသည် ၂၀၁၆ ခုနှစ်အတွင်း ဗီယက်နမ် နိုင်ငံသို့ အပူပိုင်း ဒေသ လေဖိအားနည်း ရာသီတွင် ဝင်ရောက်ခဲ့သည့် ပထမဆုံး မုန်တိုင်း ဖြစ်ကြောင်း ရေအား- မိုးလေဝသ ခန့်မှန်းခြင်းဆိုင်ရာ အမျိုးသား စင်တာထံမှ သိရသည်။ (Xinhua)