Connect with us

Australia / Oceania

ဆစ်ဒနီဟိုတယ်တွင် ဓါတုပစ္စည်းယိုစိမ့်မှုကြောင့် လူ ၆ဦး ဆေးရုံတင်ရ

ဓါတုပစ္စည်းယိုစိမ့်မှု ဖြစ်ပွားရာ Pullman Sydney Hyde Park ဟိုတယ် သို့ မီးသတ်ယာဉ်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဇိမ်ခံ ဆစ်ဒနီဟိုတယ်တစ်ခုတွင် စက်တင်ဘာ ၁၉ ရက် က ဓါတုပစ္စည်းယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၆ဦးအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားလူ ၂၄ ဦးအား အခင်းဖြစ်ပွားရာ၌ပင် ဆေးကုသပေးခဲ့ကြောင်း New South Wales ပြည်နယ် အရေးပေါ်လူနာတင်ယာဉ်ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က Pullman Sydney Hyde Park ဟိုတယ် မှ ဧည့်သည်များသည် မျက်လုံးယားယံခြင်း နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပွားခဲ့ပြီး ဆေးကုသပေးခဲ့ရကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။အစပိုင်းတွင် ထိတ်လန့်မှုများဖြစ်ပွားခဲ့သော်လည်း ဆေးကုသမှုခံယူပြီးသူအားလုံး အခြေအနေ တည်ငြိမ်သွားပြီးဖြစ်ကြောင်း ၎င်း ကပြောကြားခဲ့သည်။

ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်လာပြီးနောက် မီးသတ်ကား ၄စီး နှင့် မီးသတ်ဝန်ထမ်း ၁၆ဦး သည် အခင်းဖြစ်ပွားရာ အဆောက်အအုံ၏ ၂၀၊ ၂၁ နှင့် ၂၂ ထပ် သို့ ဒေသစံတော်ချိန် နံနက်၉း၀၀နာရီတွင် ရောက်ရှိလာကြောင်း သိရသည်။ပြောရေးဆိုခွင့်ရှိသူက ရေကူးကန်ရှိသော အထပ်တွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။၎င်းက ရေကူးကန်ဧရိယာတွင် အလုပ်လုပ်နေသူတစ်ဦး သည် ဓါတုပစ္စည်းများကို ရောမွှေရာတွင် ကောင်းစွာရောနှောသွားခြင်းမရှိဘဲ အငွေ့အသက်များထွက်လာကာ အဆောက်အဦ၌ ပျံ့နှံ့သွားခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ဓါတုပစ္စည်း အရောအနှောသည် ကလိုရင်း နှင့် ဟိုက်ဒရိုကလိုရစ် အက်စစ် တို့ဖြစ်နိုင်ပြီး လေပေးစနစ်အတွင်းသို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)