Europe
ကမ္ဘာ့ စီးပွားရေးဆိုင်ရာ အရေးပါသော လမ်းညွှန်မှုအတွက် တရုတ် သမ္မတ ရှီကျင့်ဖိန် ပြောကြား
ဒါဗို့စ်၊ ဆွစ်ဇာလန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ကမ္ဘာလုံး လွှမ်းခြုံ စီးပွားရေး မူဝါဒ လမ်းညွှန်မှုနှင့် ကမ္ဘာ့နိုင်ငံအားလုံး အကျိုးအမြတ် ဖြစ်ထွန်းခြင်း၏ အရေးပါပုံကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်သော ၄၇ ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ဖိုရမ်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားခဲ့သည်။
သမ္မတ ရှီက အကျိုးအမြတ် အလွန်အမင်း ရယူလိုမှုနှင့် တစ်ကမ္ဘာလုံးနှင့် မသက်ဆိုင်သော ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် နိုင်ငံတကာ ငွေကြေး အကြပ်အတည်းများ ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေးသည် အချိန် အတော်ကြာ နှေးကွေးနေခဲ့ကြောင်း၊ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု လမ်းကြောင်းသစ်ကို ရှာဖွေရန် ခက်ခဲနေသေးသည့်အတွက် ကမ္ဘာ့ စီးပွားရေးသည် အချိန်အတိုင်းအတာ တစ်ခုအထိ နှောင့်နှေးနေဦးမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အတွက် ရှီက ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံမှု စနစ်ဖြင့် အခွင့်အလမ်းသစ်များကို အပြည့်အဝ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်းက စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အတူတကွ လုပ်ကိုင်ကြရမည်ဟုလည်း သတိပေးခဲ့သည်။
၄၇ ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)
ထို့ပြင် သမ္မတ ရှီက ကုန်သွယ်ရေး စစ်ပွဲတွင် မည်သူမျှ အနိုင်မရနိုင်ကြောင်း၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒမှာ အမှောင်ခန်း တစ်ခုထဲတွင် လူ တစ်ယောက်ကို သော့ပိတ်ထားသကဲ့သို့သာ ရှိမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံမှု စနစ်မှာ ဗြဟ္မာ့ဦးခေါင်းကဲ့သို့ ဆောင်ရွက်ရာတွင် စိန်ခေါ်မှု အခက်အခဲများနှင့် ကြုံတွေ့ကြရမည် ဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ စီးပွားရေး ပြဿနာများမှာ ထို စိန်ခေါ်မှုများကြောင့် ဖြစ်လာရခြင်း မဟုတ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာကြီးကို ဒုက္ခပေးနေသော ပြဿနာများစွာမှာ ကမ္ဘာလုံး လွှမ်းခြုံ စီးပွားရေး မူဝါဒကြောင့် မဟုတ်ကြောင်း၊ ကျွန်တော်တို့အနေဖြင့် လက်တွေ့အကျိုးရှိမှု ကို အလေးထားပြီး တန်းတူညီမျှမှုကို တန်ဖိုးထားကာ မတူညီသည့် နိုင်ငံ ၊ မတူညီသော အလွှာအသီးသီးမှသူများ၊ မတူညီသော လူ့အသိုင်းအဝိုင်းအားလုံးအား ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပုံစံ ကောင်းကျိုးများကို အတူတကွ မျှဝေခံစား သွားရမည် ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)