Europe
ဂျာမဏီ နိုင်ငံ Hamburg လေဆိပ်တွင် အမျိုးအစား မသိရှိရသေးသည့် အဆိပ်ငွေ့ထွက်ပေါ်လာသောကြောင့် လေဆိပ်အား ယာယီ ပိတ်ခဲ့ရ
ဘာလင် ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
ဂျာမဏီ နိုင်ငံ မြောက်ပိုင်းရှိ Hamburg လေဆိပ်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က အမျိုးအစား မသိရှိရသေးသည့် အဆိပ်ငွေ့ ထွက်ရှိခဲ့ပြီး အဆိပ်ငွေ့ကြောင့် လူပေါင်း ၅၀ ကျော် ဒဏ်ရာရရှိခဲ့သောကြောင့် လေဆိပ် ကို ယာယီ ပိတ်သိမ်းကာ လေကြောင်းခရီးစဉ် အားလုံးကိုလည်း ရပ်ဆိုင်းခဲ့ရကြောင်း နှင့် လက်ရှိချိန်တွင် လေဆိပ်သည် ပုံမှန် ပြန်လည် လည်ပတ်နေပြီး ဖြစ်ကြောင်း သိရှိရသည်။
Hamburg လေဆိပ်၏ ရဲဝန်ထမ်း၏ ပြောကြားချက်အရ လေဆိပ်၏ ခရီးသည် နှင့် ခရီးသည်များ၏ လက်ဆွဲ ခရီးဆောင် ပစ္စည်း များ စစ်ဆေးရာ နေရာ တွင် အမျိုးအစား မသိရှိရသေးသည့် အဆိပ်ငွေ့ထွက်ရှိနေသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ လုံခြုံရေး ဝန်ထမ်း များနှင့် ခရီးသည် များသည် အဆိပ်ငွေ့ကြောင့် မျက်လုံးများ အလွန် နေထိုင်မကောင်းဖြစ်ခဲ့ကာ ဆိုးရွားစွာ ချောင်းဆိုးခြင်းများကို ဖြစ်စေခဲ့ကြောင်း ၊ လူပေါင်း ၅၀ ကျော် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမား များမှ လေဆိပ်တွင် ယာယီ ကယ်ဆယ်ရေး စင်တာ တည်ဆောက်ကာ ကိုယ်ခန္ဓာစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး အခြေအနေ ဆိုးရွားသည့် လူနာများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက်တွင် Hamburg လေဆိပ် မှ လေကြောင်းခရီးစဉ် အားလုံးကို ရပ်ဆိုင်းခဲ့ပြီး လေဆိပ်ရှိ ရာနှင့်ချီသော ခရီးသည်များကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့သည်။Hamburg လေဆိပ် တွင် ဆင်းသက်ရန် စီစဉ် ထားသည့် လေယာဉ်များသည်လည်း အခြားမြို့ရှိ လေဆိပ်များတွင် ဆင်းသက်ခဲ့ရပြီး လေဆိပ်သို့သွားရောက်သည့် ကားလမ်းနှင့် ရထားလမ်းများသည်လည်း ယာယီ ရပ်ဆိုင်းထားခဲ့ရကြောင်း သိရှိရသည်။
ကနဦး စစ်ဆေးချက်များအရ အဆိပ်ရှိသော ဓာတ်ငွေ့များသည် လေဆိပ်အတွင်းရှိ လေအေးပေးစက် စနစ်မှ ပျံန့ှံလာနိုင်ခြင်းဖြစ်ပြီး အဆိပ်ငွေ့ ၏ အမျိုးအစားကိုမူ လက်ရှိချိန်တွင် မသိရှိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)