Europe
ဂျာမနီရဲတပ်ဖွဲ့များက အကြမ်းဖက်သမားများ နှင့် ဆက်စပ်မှုရှိသည့် ဗလီအသင်းတစ်ခု အား ပိတ်ပင်

ဘာလင်၊ မတ်လ ၁ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရဲတပ်ဖွဲ့က “Fussilet 33 e.V.” အမည်ရှိ ဗလီအသင်းတစ်ခုအား အကြမ်းဖက်သမားများ နှင့် ချိတ်ဆက်မှုများရှိနေသည့်အတွက် ဖေဖော်ဝါရီ ၂၈ ရက်က ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ က ဘာလင်မြို့ရှိ အဆိုပါ ဗလီအသင်းခွဲ ၂၅ ခုကို ပိတ်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် ဥပဒေဘက်တော်သား ၄၀၀ကျော် ပါဝင်ခဲ့ကြကြောင်း Deutsche Presse Agentur သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ယင်းဗလီများ၏ ဆုတောင်းဝတ်ပြုသော အခန်းများသည် အစွန်းရောက် အကြမ်းဖက်သမားများ၏ အစည်းအဝေးပြုလုပ်ရာ နေရာများဖြစ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သော ဘာလင်မြို့ရှိ ခရစ်စမတ်ဈေးအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား Anis Amri သည် ပြစ်မှုကျူးလွန်ခဲ့သော နေ့၌ အဆိုပါဗလီအဖွဲ့အစည်းများအနက် တစ်ခုသို့ သွားရောက်ခဲ့ကြောင်း နှင့် ဘာလင်ဈေးတိုက်ခိုက်ခံရမှုတွင် လူ ၁၂ဦးသေဆုံးခဲ့ပြီး အခြားလူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုအပြီးတွင် ဂျာမနီရဲတပ်ဖွဲ့က လုံခြုံရေး တင်းကျပ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့်အပတ်က ဘာလင်ရှိအာဏာပိုင်များသည် IS အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် အမျိုးသား ၃ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအမျိုးသား ၃ဦးသည်လည်း “Fussilet 33 e.V.” ဗလီသို့ သွားရောက်ခဲ့ဖူးကြောင်း သိရသည်။
ဖေဖော်ဝါရီလ အစောပိုင်းတွင် ရဲတပ်ဖွဲ့က Goettingen မြို့ပတ်ဝန်းကျင်၌ စီးနင်းမှုများပြုလုပ်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသည့် အမျိုးသား၂ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)