Europe
တူရကီ နှင့် ရုရှားသမ္မတတို့ လာမည့် ဆီးရီးယား ညီလာခံ အကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အန်ကာရာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ သမ္မတ နှင့် ရုရှားနိုင်ငံသမ္မတ တို့သည် လာမည့် ဆီးရီးယားဆိုင်ရာ သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ မတ် ၂၇ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဖော်ပြခဲ့သည်။
တူရကီနိုင်ငံသမ္မတ ရီဆတ် တေယစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့သည် နှစ်နိုင်ငံဆက်ဆံရေး နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း အမည်မဖော်လိုသူ တူရကီသမ္မတရုံးသတင်းရင်းမြစ် တစ်ခုကို ကိုးကား၍ သတင်းဌာနကဖော်ပြခဲ့သည်။
အာဒိုဂန် က ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားတွင် ဖြစ်ပွားခဲ့သော ကလေးငယ် ၄၁ဦးအပါအဝင် အနည်းဆုံး လူ၆၄ဦးသေဆုံးခဲ့သည့် ဈေးဝယ်စင်တာ မီးလောင်မှုအပေါ် ဝမ်းနည်းကြေကွဲရပါကြောင်း သမ္မတ ပူတင် အားပြောကြားခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံ၊ ရုရှားနိုင်ငံ နှင့် အီရန်နိုင်ငံ သမ္မတ တို့သည် တူရကီနိုင်ငံ တွင် ဧပြီ ၄ရက်၌ တွေ့ဆုံရန်စီစဉ်ထားပြီး ဆီးရီးယားနိုင်ငံ၏ လက်ရှိအခြေအနေ၊ ဒေသအတွင်း လုပ်ဆောင်ရမည့်အဆင့်များနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မတ် ၂၅ရက်တွင် တူရကီက ပြုလုပ်လျက်ရှိသော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆီးရီးယားနိုင်ငံ အက်ဖရင်းဒေသအား ကောင်းစွာ ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းစစ်ဆင်ရေးသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ရှိ ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) အား ရှင်းလင်းချေမှုန်းသွားရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)