Connect with us

Europe

အသက် ၉၀ နှစ် ပြည့်မြောက်သည့် ဗြိတိန် ဘုရင်မကြီးအတွက် မွေးနေ့ သီချင်းအား ပြည်သူလူထုက တစ်ခဲနက် သီဆိုခဲ့

အဲလိဇဘတ် ဘုရင်မကြီး မွေးနေ့ပွဲတွင် ပါဝင် ဆင်နွဲနေသည့် ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

နန်းသက် အရှည်ကြာဆုံး ဧကရာဇ် ဖြစ်သည့် ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ် ၂ ၏ အသက် ၉၀ နှစ်ပြည့် မွေးနေ့အား ဂုဏ်ပြုသေနတ်များ ပစ်ဖောက်ခြင်းဖြင့် ဧပြီလ ၂၁ ရက်က ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရင်မကြီး၏ မွေးနေ့ပွဲအား ဝင်ဆာ ရဲတိုက်၌ ပြုလုပ်ခြင်း ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ဆုမွန်ကောင်း တောင်းပေးသူ များကလည်း ဝင်ဆာ နန်းတော် ပြင်ပတွင် စုဝေး ရောက်ရှိနေခဲ့ ကြသလို တစ်မြို့လုံးမှာလည်း ဘုရင်မကြီး၏ မွေးနေ့ပွဲ ကျင်းပလျက် ရှိသည်။

ဘုရင်မကြီး၏ သားတော် ချားလ်စ် မင်းသားကလည်း ဘုရင် ဟင်နရီ ၈ အတွက် ဝီလ်လျံ ရှိတ်စပီးယားက ရေးစပ် ပေးခဲ့သည့် ချီးကျူး ဂုဏ်ပြုစကားအား ပြန်လည် တည်းဖြတ်ကာ ၎င်း၏ မိခင်အတွက် ဧပြီလ အထူး ရေဒီယို အသံလွှင့်ဋ္ဌာနက တဆင့် ဧပြီလ ၂၀ ရက် နေ့လယ်ပိုင်းက ဖတ်ကြားခဲ့သည်။

ဘုရင်မကြီး အနေဖြင့် သူ၏ သက်တမ်း တလျှောက်လုံး တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ သူမ၏ ကျောက်ဆိုင်ကဲ့သို့ ခွန်အားကလည်း ကျွန်တော်တို့ရဲ့ နိုင်ငံ၊ ဓနသဟာယ နိုင်ငံများ အတွက် တည်ကြည် လေးနက်စွာ ရှိနေပါကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြားခဲ့သည်။

ဘုရင်မကြီး အဲလိဇဘတ်သည် မင်းသားကြီး ဖိလစ်နှင့်အတူ ဝင်ဆာ နန်းတော်သို့ ရောက်ရှိလာခဲ့ပြီး နန်းတော်ရှိ လမ်းများ၌ လျှောက်သွားကာ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် လူထုက မွေးနေ့သီချင်း သီဆိုခဲ့သည်။

အဲလိဇဘတ်သည် ၁၉၅၂ ခုနှစ်တွင် ထီးနန်း ဆက်ခံခဲ့ပြီး တစ်နှစ်လျှင် မွေးနေ့ နှစ်ကြိမ် ကျင်းပ လေ့ရှိသည်။ တစ်ကြိမ်မှာ ၎င်း မွေးဖွားခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ တရားဝင် မွေးနေ့ဖြစ်သည့် ဇွန်လတွင် ကျင်းပခြင်း ဖြစ်သည်။
ထို့ပြင် ကြီးကျယ် ခမ်းနားလှသည့် အခမ်းအနား ပွဲစဉ်များအား ဝင်ဆာ နန်းတော်၌ မေလ ၁၂ ရက်မှ ၁၅ ရက်အထိ လည်းကောင်း၊ ဇွန်လ ၁၀ ရက်မှ ၁၂ ရက်အထိ လည်းကောင်း ကျင်းပရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.