Europe
အသေးစားစီးပွားရေးနှင့် e-commerce က ကမ္ဘာ့ကုန်သွယ်ရေး၏ အနာဂတ်ဖြစ်လာမည်

ဂျီနီဗာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
နည်းပညာသည် ကြောက်ရွံ့စရာမဖြစ်သင့်ဘဲ ကုန်သွယ်ရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတူတကွ တွဲဖက်လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း (World Trade Organization) ညွှန်ကြားရေးမှူးချုပ် Roberto Azeveso နှင့် တရုတ်နိုင်ငံ အလီဘာဘာအုပ်စု အမှုဆောင်ဥက္ကဋ္ဌ ဂျက်မား (Jack Ma) တို့က ပြောကြားခဲ့သည်။
“နည်းပညာကို ကျွန်တော်တို့ မရပ်တန့်နိုင်ပါဘူး။ ခင်ဗျားတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ အဲဒါကို ပွေ့ဖက်လိုက်ပါ” ဟု ၂၀၁၈ ခုနှစ် WTO ပြည်သူ့ဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ အဓိကဟောပြောသူတစ်ဦးဖြစ်တဲ့ မား က ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်မှုရဲ့အနာဂတ်က အသေးစားစီးပွားရေး (Small businesses) နဲ့ e-commerce ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါသည်။
“ဒီဂျစ်တယ်ပလက်ဖောင်းတွေကတစ်ဆင့် ကုန်သွယ်မှုတွေ ပိုပိုပြီးဖြစ်ပေါ်နေပါတယ်။ ကုန်စည်တွေ ပို့ဆောင်ရာမှာ နည်းလမ်းသစ်တွေ အဆက်မပြတ်စီးဆင်းနေလိမ့်မယ်။ ဝန်ဆောင်မှုအသစ်တွေကိုလည်း ဖန်တီးပါလိမ့်မယ်” ဟု နှစ်စဉ်ကျင်းပလေ့ရှိသော WTO ဆွေးနွေးပွဲ၌ Azevedo က အဖွင့်မှတ်ချက်ပြုခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော WTO ပြည်သူ့ဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ အဓိကဆွေးနွေးသူတစ်ဦးဖြစ်သော ဂျက်မားအား တွေ့ရစဉ် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော WTO ပြည်သူ့ဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ အဓိကဆွေးနွေးသူတစ်ဦးဖြစ်သော WTO ညွှန်ကြားရေးမှူးချုပ် Roberto Azeveso အားတွေ့ရစဉ် (ဆင်ဟွာ)
ထို့ပြင် Azevedo က မား ကို “ကျွန်တော်တို့ခေတ်မှာ အသိအမှတ်ပြုဖွယ်အကောင်းဆုံး စီးပွားရေးခေါင်းဆောင်နဲ့ ဉာဏ်ပညာထက်မြက်သူတစ်ဦးပါ။ ဂျက်မားကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ အားပေးသူတစ်ဦးအဖြစ် ကုလသမဂ္ဂက အမည်စာရင်းသွင်းထားပါတယ် ” ဟု ဖော်ပြခဲ့သည်။
လေးရက်ကြာပြုလုပ်သည့် ယခုနှစ် ဖိုရမ်ကို “အနာဂတ်သို့မျှော်ကြည့်ခြင်း Trade 2030” ဟူ၍ အမည်ပေးထားသည်။
“လာမယ့်နှစ် ၃၀ မှာ အသေးစားစီးပွားရေး ၈၀ ရာခိုင်နှုန်းက ဂလိုဘယ်လိုက်ဇေးရှင်းကနေ အကျိုးကျေးဇူးရှိပါလိမ့်မယ်။ ၂၀၃၀ ခုနှစ်မှာ စီးပွားရေး ၈၅ ရာခိုင်နှုန်းက e-commerce ဖြစ်လာပါလိမ့်မယ်။ ကုန်သွယ်မှုရဲ့ ၉၉ ရာခိုင်နှုန်းက အွန်လိုင်းနဲ့ အလုပ်လုပ်ကိုင်ကြမှာဖြစ်ပြီး တစ် ရာခိုင်နှုန်းအောက်သာ offline နဲ့လုပ်ကြတော့မှာပါ” ဟု မား က ဆိုသည်။
ထို့နောက် မား က ဆက်၍ “ဒီကနေ့ တရုတ်နိုင်ငံတွင် ထုတ်လုပ်သည် (made in China) ၊ အမေရိကန်နိုင်ငံတွင် ထုတ်လုပ်သည် (Made in U.S.) ၊ ဆွစ်ဇာလန်နိုင်ငံတွင် ထုတ်လုပ်သည် (Made in Switzerland) စသဖြင့် ကျွန်တော်တို့တွေ့နေရတယ်။ ၂၀၃၀ ခုနှစ်မှာဆိုရင် အင်တာနက်တွင် ထုတ်လုပ်သည် (Made in the Internet) လို့ မြင်ရပါလိမ့်မယ်” ပြောခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် စိန်ခေါ်နေသည့် ပတ်ဝန်းကျင်စွန့်စားမှုများ တိုးပွားလာစဉ် နည်းပညာသစ်များ ပေါ်ထွက်လာနေကြောင်း WTO အကြီးအကဲက ဆိုသည်။
WTO သဘောတူညီချက်များဖြစ်သည့် “ရှင်းလင်းသည့်ဥပဒေများ၊ ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်းတို့၏ အရေးပါမှု” ထည့်သွင်းထားသည့်အတိုင်း အခြေခံစည်းမျဉ်းများကို လုပ်ဆောင်နေဆဲဟု ယုံကြည်ကြောင်း WTO အကြီးအကဲက အလေးထားပြောကြားခဲ့သည်။ (Xinhua)