Europe
SU-24 လေယာဉ် အသံဖမ်းစက်အား စစ်ဆေးဖို့ လတ်တလော မဖြစ်နိုင်သေးကြောင်း ရုရှား ပြောကြား
မော်စကို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တူရကီဘက်မှ ပစ်ချခံရသော ရုရှားလေယာဉ် SU-24 ၏ လေယာဉ် အသံဖမ်းစက်ရှိ မိုက်ခရိုချိဖ် ပျက်စီးသွား သောကြောင့် လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် လတ်တလော မဖြစ်နိုင်သေး ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးက ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြောကြားလိုက်သည်။
“မိုက်ခရိုချိဖ် ကို ဖတ်ဖို့က အတွင်းပိုင်းပျက်စီးသွားလို့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ဒီအချက်အလက်တွေ ဖတ်ဖို့ ရုရှား သိပ္ပံ အထူး အဖွဲ့တွေကို အကူအညီ တောင်းဖို့ စဉ်းစားနေပါတယ်” ဟု လေကြောင်းခရီး လုံခြုံရေးဆိုင်ရာ ဌာန၏ အကြီးအကဲ Sergei Bainetov က ပြောသည်။
ယင်းလုပ်ငန်းသည် ကာလရှည် လုပ်ဆောင်ရန် လိုအပ်ကြောင်း နှင့် ရုရှားနိုင်ငံ အနေဖြင့် ယင်းသို့ လုပ်ဆောင် မည့် နေ့ရက်အား ထုတ်ပြန်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ထိုလေယာဉ်၏ ဘလက်ဘောက်စ်အား လေ့လာရာတွင် တရုတ်၊ အမေရိကန် နှင့် ဗြိတိန်နိုင်ငံများမှ ကျွမ်းကျင် ပညာရှင်များလည်း ပါဝင်ခဲ့သည်။ အဆိုပါ ပညာရှင်များက လေ့လာမှု လုပ်ငန်းစဉ်အတွင်း မေးခွန်းမေးမြန်းခြင်း များ မရှိခဲ့ဘဲ ဆုံးဖြတ်မှုများသည်လည်း ပွင့်လင်းမြင်သာမှု အမြင့်ဆုံးရှိခဲ့ကြောင်း Bainetov ကပြောသည်။
လေယာဉ် အသံဖမ်းစက် ပုံဖော်ခြင်းကို ရုရှားနိုင်ငံက ဒီဇင်ဘာလ ၂၅ ရက်တွင် မော်စကိုရှိ ဓာတ်ခွဲခန်း၌ ပြန်လည် စတင်မည် ဖြစ်ပြီး ယင်းကို သတင်းထောက်များက အချိန်နှင့် တပြေးညီ ထုတ်လွှင့်မည် ဖြစ်သည်။ ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံ ၁၄ ခုအား ထို စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ရန် ဖိတ်ခေါ် ထားသော်လည်း အများစုက ငြင်းဆိုထားသည်။
နိုဝင်ဘာလကုန်ပိုင်းက တူရကီ-ဆီးရီးယား နယ်စပ်အနီး ရုရှား ဂျက်လေယာဉ်အား တူရကီက ပစ်ချခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားလာခဲ့သည်။
ရုရှား လေကြောင်း ကာကွယ်ရေး ဒုတပ်မှူး Sergei Dronov က ရုရှားဂျက်လေယာဉ်သည် တူရကီ လေကြောင်း နယ်နိမိတ်အား ကျူးကျော်ခြင်း မရှိကြောင်းနှင့် အခင်းဖြစ်စဉ် အချိန်၌ တူရကီအား ခြိမ်းခြောက်ခဲ့ခြင်း မဟုတ်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ်က ပြောကြားခဲ့သည်။ (Xinhua)