Latin America
ဘရာဇီးနိုင်ငံတွင် ကားများစွာ ဆင့်ကဲတိုက်မိမှုကြောင့် လူ ၁၃ဦးသေ၊ ၃၉ဦးဒဏ်ရာရရှိ

ဘရာဇီးလီယာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၁၃ရက်တွင် မော်တော်ယာဉ်များစွာ ဆင့်ကဲတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၃၉ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
မတော်တဆမှုသည် ပြည်နယ်၏ မြောက်ပိုင်းဒေသအတွင်းရှိ Gran Mogol မြို့အနီးရှိ BR-251 အဝေးပြေးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီနီဘတ် ၂စီးအပါအဝင် အနည်းဆုံးယာဉ် ၆စီး ဆင့်ကဲတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ အခြေအနေစိုးရိမ်ရ၍ သေဆုံးသူ ဦးရေမြင့်တက်လာနိုင်ပြီး အခြားလူ ၁၁ဦးမှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း မီးသတ် နှင့် အရေးပေါ်ဋ္ဌာနမှ ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးဝန်ထမ်းများက မော်တော်ယာဉ်များအောက်မှ ရုပ်အလောင်း ၆လောင်းကျော်ကို မတွေ့ရှိခင်အချိန်အထိ ကနဦး သေဆုံးသူဦးရေသည် ၇ဦးသာရှိကြောင်း သိရသည်။ရဲတပ်ဖွဲ့၏ အစောပိုင်းထုတ်ပြန်ချက်အရ တစ်ဖက်လမ်းမှ ကျော်လွန်ဝင်ရောက်လာသော ကုန်တင်ကားတစ်စီးသည် မီနီဘတ်တစ်စီးအား ဝင်တိုက်မိပြီးနောက် ဆင့်ကဲအနေဖြင့် အခြားမီနီဘတ်တစ်စီး ၊ SUV တစ်စီး နှင့် အခြား မော်တော်ယာဉ် ၂စီးတို့ ဆက်တိုက် တိုက်မိခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားရာနေရာသည် ပြည်နယ်မြို့တော် Belo Horizonte မြို့ မြောက်ဘက် ၄၂၄ကီလိုမီတာ အကွာတွင် ရှိနေ၍ ရေဒီယိုလိုင်း နှင့် မိုဘိုင်းဖုန်းလိုင်းများ မမိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နောက်ကျခဲ့ရကြောင်း သိရသည်။ (Xinhua)