Connect with us

Latin America

ဘိုကာဂျူနီယာအသင်းတွင် ပါဝင်ကစားရန် ရှန်ဟိုင်းရှန်ဝှာ အသင်းမှ ကားလိုစ့်တိဖက်ဇ် ထွက်ခွာ

တရုတ်နိုင်ငံရှန်ဟိုင်းရှန်ဝှာ အသင်း၌ ကစားနေသော အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလိုစ့်တိဖက်ဇ် အားတွေ့ ရစဉ်(အင်တာနက်)

ဗျူနိုစ်အဲရစ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလိုစ့်တိဖက်ဇ်သည် ယခင်ကလပ်အသင်းဟောင်း ဘိုကာဂျူနီယာ(Boca Juniors) အသင်း၌ ပါဝင်ကစားခွင့်ရရန် လက်ရှိကစားနေသော တရုတ်နိုင်ငံ ရှန်ဟိုင်းရှန်ဝှာ(Shanghai Shenhua) အသင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ဘိုကာအသင်းက ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာပေါ်တွင် ကလပ်အသင်းပိုင် Cardales လေ့ကျင့်ရေးကွင်း၌ ဇန်နဝရီလ ၅ ရက်တွင် ကစားဖော်သစ်များနှင့် အတူ လေ့ကျင့်ရေး ဆင်းနေသော အသက် ၃၃ နှစ်အရွယ် တိဖက်ဇ် ဓာတ်ပုံကို လွှင့်တင်ထားကြောင်း သိရသည်။

“ အာဂျင်တီးနားအသင်းမှာ ကစားခဲ့ဖူးတဲ့ ကားလိုစ့်တိဖက်ဇ် ဟာ သူ့ရဲ့ အာရှတိုက်က ကလပ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အချိန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်မှာ ကလပ်ဟောင်း နဲ့ပြန်လည်လက်တွဲခဲ့ပါတယ်” ဟု ဗျူနိုအဲရစ်မြို့အခြေစိုက် ဘိုကာဂျူနီယာအသင်းက ဆိုသည်။

တိဖက်ဇ်၏ အပြောင်းအရွှေ့စာချုပ် နှင့် ပြောင်းရွှေ့ကြေး အသေးစိတ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။ တိဖက်ဇ်သည် ၂ဝ၁၇ ခုနှစ်တွင် ရှန်ဟိုင်းရှန်ဝှာအသင်းနှင့် လက်တွဲခဲ့ပြီး ၁၆ ပွဲပါဝင်ကစားခဲ့ရာ အသင်းအတွက် တစ်ဂိုးသာသွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ၂ နှစ်စာချုပ်ဖြင့် ဘိုကာဂျူနီယာအသင်းမှ ရှန်ဟိုင်းအသင်းသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၇၆ ပွဲပါဝင်ကစားခဲ့သော တိဖက်ဇ်သည် ကိုရင်သီယန် ၊ ဝက်ဟမ်းယူနိုက်တက် ၊ မန်ချက်စတာယူနိုက်တက် ၊ မန်ချက်စတာစီးတီး နှင့် ဂျူဗင်တပ်စ် အသင်းများတွင် ပါဝင်ကစားခဲ့ဖူးကြောင်း သိရသည်။၎င်းသည် ၂ဝ၁၅ ခုနှစ် ဇွန်လတွင် ဘိုကာဂျူနီယာအသင်းနှင့်လက်တွဲခဲ့ပြီး ၆ လအကြာတွင်အသင်းအား အမှတ်ပေးချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)